ရင်ခတ်ဆောင်း

ရင်ခတ်ဆောင်း
ရှမ်းတောင်တန်းများနှင့်အတူ ဇန်နဝါရီလ၏ ဆောင်းနံနက်ခင်းမြင်ကွင်း(ဓာတ်ပုံ- ထွန်းနေလှိုင်၊နောင်ပိန်)
ရှမ်းတောင်တန်းများနှင့်အတူ ဇန်နဝါရီလ၏ ဆောင်းနံနက်ခင်းမြင်ကွင်း(ဓာတ်ပုံ- ထွန်းနေလှိုင်၊နောင်ပိန်)
Published 25 February 2021
ခိုင်မြဲသူ

မြို့ကလေး၏ ခေါင်မိုးများထက်က တစ်စတစ်စပေါ်ထွက်လာသော သူရိန်နေမင်းကြောင့် မြူနှင်းကြားက မြို့ကလေးသည် လေးလံထိုင်းမှိုင်းမှုမရှိတော့ဘဲ လန်းဆန်းတက်ကြွလာပါသည်။ တဖွဲဖွဲကျဆင်းလျက် အုံ့ဆိုင်းနေသော နှင်းဇာပုဝါပါးကို နွေးနေခြည်က ဖယ်ရှားပေးသော်လည်း လုံလောက်သော အနွေးဓာတ်ကိုမူ မပေးစွမ်းနိုင်ပေ။ မည်သို့ဆိုစေ မြို့ကလေးထဲက လူများကမူ ဆောင်းဦးနေ့စွဲများကလို အနွေးထည်များ ဝတ်ဆင်လျက် ဆောင်းလယ်ကာလကို ဖြတ်သန်းနေကြပြီဖြစ်ပါသည်။

တစိမ့်စိမ့်နေအောင် အေးမြခဲ့သော ဒီဇင်ဘာ၏ ဆောင်းရက်များကို ဖြတ်သန်းကျော်လွန်ခဲ့ပြီဖြစ်သဖြင့် ဇန်နဝါရီနံနက်ခင်းများသည်လည်း ယခင်လောက် မအေးတော့ပေ။ ဖေဖော်ဝါရီလည်း ကုန်တော့မည် အဖြူရောင်နှင်းစက်ပန်းချီကားသည်လည်း ဆေးရောင်တို့ ပါးလျားစပြုလာပြီဖြစ်သည်။ ဟိုယခင် တိတ်ဆိတ်အေးစက်နေသော ဆောင်းညဉ့်ယံများထဲ၌ အိမ်တံစက်မြိတ်အောက်ကို ခပ်စိပ်စိပ်ကျသည့် ဆီးနှင်းသံတဖျောက်ဖျောက်သည် ယခုတော့ခပ်ကျဲကျဲသာ ကြားရတော့သည်။ ဆောင်းသည် ဆောင်းဦး၊ ဆောင်းလယ်၊ ဆောင်းနှောင်းဆိုသည့် သူ၏ကာလသုံးပါးဆောင်းဝတ်ရုံကို လဲလှယ်ဝတ်ဆင်စပြုလာသည်မှာ ထင်ရှားလာ၏။ ဆောင်းရာသီ၏ ပြယုဂ်များ ဖြစ်ကြသည့် ဒီဇင်ဘာလလူထု လမ်းလျှောက်ပွဲ၊ နယူးရီးယားပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသာမက မြန်မာ့ရိုးရာဘုရားပွဲ၊ ဇာတ်ပွဲများပါ ကိုဗစ်ကပ်ရောဂါကြောင့် ကြီးကျယ်ခမ်းနားစွာ မကျင်းပနိုင်တော့ဘဲ ခေတ္တမျှပျောက်ကွယ်သွားခဲ့ရသည်မှာ သည်နှစ်ဆောင်းအတွက် ခါးသီးဖွယ် အမှတ်တရတစ်ခုပင်ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ပါဆယ်ရောင်းချလိုက်၊ ဆိုင်ထိုင်ရောင်းချခွင့်ရလိုက်၊ တစ်ဖန်ပါဆယ်ရောင်းလိုက်နှင့် သံသရာလည်နေသော စားသောက်ဆိုင်များနှင့် ကဖေးဆိုင်တချို့သည် ဆောင်းလယ်ကာလကို ခက်ခဲစွာ ဖြတ်သန်းနေကြပါသည်။ ကဖေးဆိုင်၏ မုန့်ဖိုအနီးတွင် လူတစ်ယောက်စ နှစ်ယောက်စက မှာထားသည့်မုန့်ကို စောင့်နေကြသည်။ ကဖေးဆိုင်အတွင်းဘက်ထဲက အဖန်ရည်နှပ်ထားသည့်ရေနွေးအိုး၏ နှုတ်သီးအဝသည် တရွှီရွှီမြည်လျက် အငွေ့တလူလူထနေပြီ။ လက်ဖက်ရည် အဖျော်ဆရာသည် ဆိုင်အပြင်ဘက်ကို လှမ်းမျှော်ငေးကြည့်နေ၏။ ကဖေးဆိုင်မျက်နှာကြက်တွင် နွေမိုးဥတုနှစ်ပါးစလုံး မရပ်မနား လည်ပတ်ခဲ့ရသော ဆုံလည်ပန်ကာများကား အေးစက်တောင့်တင်းစွာ ရပ်တန့်လျက်ရှိနေကြသည်။ ကဖေးဆိုင်သည် လူခြေတိတ်ဆိတ်သော ရှည်ရှည်လျားလျား ဆောင်းညများကို ညဦးပိုင်းကျော်လွန်ရုံနှင့် တံခါးများစောစီးစွာပိတ်ပြီး ကြိုဆိုအိပ်စက်ခဲ့ရသည်မှာ ကြာမြင့်ပြီလည်း ဖြစ်သည်။ သို့သော် နေ့သစ်အစပြုရာ မနက်ခင်းတိုင်းတွင်တော့ အအေးဒဏ်ကြားက ကဖေးဆိုင်သည် သူ၏ တံခါးများကို မျှော်လင့်ချက်နှင့် ဖွင့်လှစ်နေဆဲပင် ဖြစ်ပါသည်။

ဆောင်းနေခြည်အောက်က ညိုမှောင်ပြောင်လက်နေသော မဟူရာကတ္တရာလမ်းမကြီးထက်တွင် ကား၊ ဆိုင်ကယ် စသည့် စက်တပ်ယာဉ်များသည် Mask တပ်ဆင်ထားသည့် လူအများကို တင်ဆောင်လျက် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြ၏။ မြို့ကလေး၏ ဘေးပတ်ဝန်းကျင် နယ်နိမိတ်များမှ မကြာခဏ ဝင်ရောက်လာသော သုံးဘီး၊ ဆိုင်ကယ်များသည်လည်း မြို့မစျေး၊ စျေးဆိုင် တချို့ရှေ့တွင် ရပ်တန့်သွားလေ့ရှိပါသည်။ ဆောင်းအဝင်ကတည်းက မိုးဦးကျမှိုများလို အလျှိုလျှိုပေါ်ပေါက်လာသော တပတ်ရစ် အဝတ်အထည် ဘေထုပ်ဆိုင်များသည် မြို့မစျေးအနီးတွင် စျေးတန်းတစ်ခုပမာ ဖြစ်နေသည်မှာ ဆောင်း၏ ၀ိသေသလက္ခဏာတစ်ရပ်ဟု ဆိုရပေမည်။ တစ်နေကုန်နီးပါး ရောင်းချသော ထိုဘေထုပ်ဆိုင်များသည် ရန်ကုန်မြို့ပြ ပလက်ဖောင်းများပေါ်က ရောင်းချသော အထည်ဆိုင်များလို လက်ခုပ်တဖြောင်း ဖြောင်းတီးလျက် ဝယ်သူကို အော်ဟစ်ခေါ်နေတာမျိုး မပြုလုပ်ကြပေ။ အေးစက်စက် ဆောင်းရက်များ၌ အေးဆေးစွာပင် ရောင်းချနေကြပါသည်။ စျေး၏ အတွင်းဘက်ထဲတွင်တော့ ဆောင်းရာသီပေါ် သီးနှံတချို့နှင့် ခေါဆီ (ခေါပုတ်)၊ ပေါင်းတင်း (ကောက်ညှင်း ကျည်တောက်) စသည့် ရာသီစာများကို ပိုလျှံစွာ မြင်တွေ့ရပါသည်။ သည်ဘက်နယ်ထဲက လူအများသည် အညာဆောင်း၏ထုတ်ကုန် တစ်ရပ်ဖြစ်သည့် ခေါဆီနှင့် ပေါင်းတင်းကို ဆောင်းဝင်ကတည်းက နံနက်စာအဖြစ် နှစ်ခြိုက်စွဲလမ်းစွာ စားသုံးကြသည်မှာ ဆောင်းကုန်သည်အထိပင် ဖြစ်သည်။ ဒေသထွက် အစားအစာဖြစ်သည့် ခေါဆီကို ကြော်၍ လည်းကောင်း၊ မီးနှင့်ကင်၍လည်းကောင်း  ပြုလုပ်ပြီး ခရမ်းချဉ်သီးငပိချက်နှင့်တို့၍ စားသုံးကြသလို ပေါင်းတင်းကို အကြော်စုံနှင့် တွဲဖက်၍ စားသုံးလေ့ရှိကြသည်။ ဆောင်းရာသီ၏ အစဉ်အလာမပျက် ရိုးရာအစားအစာ တစ်ခုလည်းဖြစ်ပါသည်။

“မြမြမြှေး၍၊ ဆီးသေးနှင်းမြူ ၊ မြူလည်းကြွေလွင့်၊ မပွင့်နေခြည်၊ မကြည်ကောင်းကင်၊ ထက်ခွင်အုံ့ပျ၊ ငြိမ့်မျှကိုယ်တွင်း၊ ဆီးနှင်းကျရွှမ်း၊ ချမ်းတို့စွလည်း၊ ရင့်မျှကြာညာင်း၊ တပေါင်းရက်ကျူး၊ မဖူးရက်လ၊ ဟေမရာသီ၊ နာရီပွားတိုး၊ သောက်မိုးညဉ့်ရှည်၊ ဆောင်းခါလည်သည်၊ ချမ်းသည်ရေး အဟန်တကား”

နတ်သျှင်နောင်၏ ရတုထဲကလိုအရိုးထဲထိအောင် ချမ်းစိမ့်သော ဆောင်းကာလများသည် ဟိုယခင်ငယ်စဉ်ကလေးဘဝတုန်းက ရှိခဲ့ဖူးပါသည်။ အနွေးထည် အထပ်ထပ်ဝတ်ရုံနှင့် မလုံလောက်သဖြင့် ညစဉ်ညတိုင်း မီးဖိုရှေ့မှာ မီးလှုံရမှသာ နေသာထိုင်သာရှိသော အညာအရပ်၏ ဟေမန္တနှစ်ကာလများသည် လွန်မြောက်ခဲ့ပြီးပြီ။ မီးဖိုရှေ့မှာ မိသားစုဝိုင်းဖွဲ့မီးလှုံလျက် ထန်းပင်မြစ်များ မီးနှင့်ဖုတ်၍ စားခဲ့ကြပြီး နွေးထွေးလုံခြုံစွာ အိပ်စက်ခဲ့ရသော အညာဆောင်းညများစွာသည် နှောင်းလူတို့အတွက် ဆောင်းပုံပြင်တစ်ပုဒ်နှယ် ဖြစ်သွားခဲ့လေပြီ။ သိမှီခဲ့သူတို့အတွက် အမှတ်တရ ပြန်ပြောင်း လွမ်းမောစရာ မဟောင်းသည့် ဆောင်းကဗျာတစ်ပုဒ် ဖြစ်သွား၏။

နံနက်စောစော ခပ်ပါးပါးနှင်းမှုန်ကြားက ချမ်းစိမ့်သော ဆောင်းဒဏ်ကို အမှုမထားဘဲ အန်တုရင်ဆိုင်နေသောသူများ အများအပြားရှိပါသည်။ ထိုသူများမှာ စားဝတ်နေရေးအတွက် ကဖေးဆိုင်က အလုပ်သမားများ၊ မြို့မစျေးကို ကုန်စိမ်းလာရောက်ရောင်းချသူများ၊ စျေးသည်များ၊ ကုန်စုံဆိုင်က အလုပ်သမားများနှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်သူများ စသူတို့ပင်ဖြစ်ကြပါသည်။ ထိုသူများသည် ဟေမာန်ဆောင်း၏ အဓိကဇာတ်ကောင် တစ်ဦးဖြစ်သည့် အဖြူရောင်နှင်းပွင့်နှင်းစက်များနှင့် ရင်းနှီးကျွမ်းဝင်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

အညာဆောင်း နံနက်ခင်း၌ ကဖေးဆိုင်ထဲက ကရားအိုးသည် ပွက်ပွက်ဆူနေပြီ။ ရေချိုးရမည်ကို ကြောက်လန့်သဖြင့် အော်ဟစ်ငိုယိုနေသော ကလေးငယ်တစ်ဦး၏ အသံသည် ပူလောင်သော ကတ္တရာလမ်းမထက်သို့ လွင့်ပျံလာပါသည်။ ဘူတာရုံသေးသေးပုပုလေးသည် ဆောင်းညဉ်ယံထဲ၌ ငြိမ်သက်တိတ်ဆိတ်စွာရှိနေသည်။ တသုန်သုန်တိုက်ခတ်လေ့ရှိသော ဆောင်းလေတချို့က ရထားဥသြဆွဲသံကို ညဉ့်ယံကောင်းကင်ထက်သို့ တစ်ခါတရံ သယ်ဆောင်လာ၏။

အေးစက်သော ဆောင်းညကို လွန်မြောက်ပြီးလျှင် ရောင်နီပျိုးလျက် နေ့သစ်သည် တဖန်မွေးဖွားလာဦးမည် ဖြစ်သည်။ တကယ်တော့ လူသားတို့သည် သည်ဆောင်းကိုသာမက နွေမိုးဆိုသည့် ဥတုအလီလီကို မမှုဘဲ ရင်ဆိုင်ဖြတ်သန်းနေကြသည်မှာ ကြာမြင့်လှပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မနက်ဖြန်တိုင်း၌ မျှော်လင့်ချက်ဆိုသည်မှာ ရှိနေသောကြောင့်ပင် မဟုတ်လော။

Most Read

Most Recent