၂၀၂၁ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအတွက် AFC ၏ အကြောင်းပြန်မှုအပေါ်မူတည်၍ ရှမ်းယူနိုက်တက်အသင်း ပြင်ဆင်မည်

၂၀၂၁ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအတွက် AFC ၏ အကြောင်းပြန်မှုအပေါ်မူတည်၍ ရှမ်းယူနိုက်တက်အသင်း ပြင်ဆင်မည်
Photo: EMG
Photo: EMG
Published 24 February 2021

 

၂၀၂၁ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အကြို ခြေစစ်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရထားသည့် MNL ကလပ် ရှမ်းယူနိုက်တက်အသင်းသည် အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) ၏ အကြောင်းပြန် မှုအပေါ်မူတည်၍ ပြင်ဆင်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

AFC ၏ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အကြို ခြေစစ်ပွဲအဆင့်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းနှင့် ဧပြီ ၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက် တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ် ပွဲအပြင် ပြည်တွင်းလိဂ်ပြိုင်ပွဲအတွက် ဖေဖော် ၀ါရီဒုတိယပတ်တွင် စတင်လေ့ကျင့်ရန် စီစဉ် ထားသော်လည်း လက်ရှိနိုင်ငံရေးအခြေအနေ များကြောင့် ရွှေ့ဆိုင်းထားရသည်။ 

"အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကတစ်ဆင့် အာရှဘောလုံး အဖွဲ့ချုပ်ကို မေးမြန်းထားပါတယ်။ မတ်လ ကုန်မှာကျင်းပဖို့ စီစဉ်ထားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအများစုကို ရွှေ့ဆိုင်းလိုက်တာကြောင့် ကျွန်တော်တို့ကစားရမယ့် ခြေစစ်ပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်အထိတော့ အကြောင်း မပြန်သေးပါဘူး။ ကျွန်တော်တို့ကတော့ သူတို့ ဘက်က အကြောင်းပြန်တဲ့အပေါ်မူတည်ပြီး ပြင်ဆင်သွားမှာပါ"ဟု ရှမ်းယူနိုက်တက် အသင်း အမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်း က ပြောကြားခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ သောကြောင့် အာရှချန်ပီယံလိဂ်တွင် ယှဉ်ပြိုင် ခွင့်ရသော်လည်း AFC ၏ သတ်မှတ်ချက် အရ မြန်မာကလပ်အသင်းများမှာ အုပ်စု အဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်မရသေး ဘဲ အကြိုခြေစစ်ပွဲအဆင့်မှ စတင်ကစားရခြင်း ဖြစ်သည်။ AFC သည် အာရှချန်ပီယံလိဂ် ပြိုင်ပွဲတွင် အသင်းအရေအတွက် တိုးမြှင့်ထား ပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဖိလစ် ပိုင်ကလပ်များမှာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ထားပြီး မြန်မာနှင့် အင်ဒိုနီးရှားကလပ်အသင်း တို့မှာ ခြေစစ်ပွဲအဆင့်မှ စတင်ကစားရခြင်း ဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ရာသီ ကြို အပြောင်းအလဲများစွာပြုလုပ်ထားပြီး အုပ်ချုပ်မှုအဖွဲ့၊ နည်းပြချုပ်အပြင် ကစား သမားများလည်း အပြောင်းအလဲပြုလုပ်ထား သည်။ ရှမ်းယူနိုက်တက်အသင်းကို အမှုဆောင် အရာရှိချုပ်အဖြစ် ဦးရဲမျိုးထွန်း၊ အုပ်ချုပ်သူ နှင့် ဂိုးသမားအဖြစ် သီဟစည်သူ၊ နည်းပြချုပ် အဖြစ် ဦးဟန်ဝင်းအောင်တို့က ပြောင်းလဲ တာဝန်ယူမည်ဖြစ်ပြီး နှစ်နှစ်ဆက် အမှတ်ပေး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြချုပ် ဦးအောင်နိုင်မှာမူ နည်းစနစ်ဒါ ရိုက်တာအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အ တွက် ပြည်တွင်းကစားသမားလေးဦး၊ နိုင်ငံ ခြားသားတစ်ဦး ခေါ်ယူထားသည်။

Most Read

Most Recent