ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများညှိနှိုင်း အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်မည့် အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ကော်မရှင်၏ ဖိတ်ကြားစာကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက လက်ခံရရှိသည်ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးလေးက ပြောကြားသည်။
ထိုသို့ ဖိတ်ကြားစာရရှိသော်လည်း ပါတီအနေဖြင့် အစည်းအဝေး တက်ရောက်မည် မဟုတ်ကြောင်း ၎င်းက ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းတွင် ပြောကြားသည်။
“ မတက်ပါဘူး။ မတက်ပါဘူး။ ဘာကြောင့် မတက်လဲဆိုတော့ ဦးလေးတို့ တက်ဖို့ လူမှ မရှိတာ” ဟု NLD ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလေးက ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင် အများအပြား ဖမ်းဆီးခံထားရပြီး လွတ်မြောက်ဆဲ ပါတီခေါင်းဆောင်အချို့မှာလည်း ဖမ်းဆီးခံရမည့်အရေးကြောင့် တိမ်းရှောင်နေရကြောင်း သိရသည်။
သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လက်ရှိရွေးကောက်ပွဲ ကော်မရှင်အသစ်အပေါ် ပါတီ၏ သဘောထားဆက်လက်မေးမြန်းရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလေးက “ တို့ကတော့ ဒါဟာ အာဏာသိမ်းထားတာပဲကွ၊ ကမ္ဘာကလည်း အသိအမှတ်မပြု၊ တို့ကလည်း အသိအမှတ်မပြု” ဟု ဖြေကြားသည်။
လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများနှင့် ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် ပါတီများကို ဖေဖော်ဝါရီ ၂၂ ရက်က ဖိတ်ကြားစာ စတင်ပေးပို့ထားသည်။