မြန်မာတပ်မတော်မှ နောက်ထပ်ခေါင်းဆောင်နှစ်ဦးကို ပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာခဲ့ပြီး နောက်ထပ်အရေးယူမှုများ ပြုလုပ်ဦးမည်ဟုလည်း သတိပေးခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့နှစ်ဦးအား အမေရိကန်မှ ပိုင်ဆိုင်မှု မှန်သမျှကို ပိတ်ဆို့ထားရန်နှင့် နိုင်ငံထဲသို့ ဝင်ခွင့်ကို ဆိုင်းငံ့ထားရန် အမေရိကန်က ကြေညာခဲ့သည်။
“ ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်မှုတွေကို ကြိုးကိုင်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို ဖိနှိပ်တဲ့သူတွေကို နောက်ထပ် အရေးယူမှုတွေ ပြုလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ ထောက်ခံမှုနဲ့ပတ်သက်ပြီး ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။
“ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် တိုက်ခိုက်တာကို ရပ်တန့်ဖို့၊ တရားမျှတမှုမရှိစွာ ထိန်းသိမ်းခဲ့သူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ ဂျာနယ်လစ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် တိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအဖွဲ့ကို ပြန်လည်ထားရှိဖို့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကို ကျွနု်ပ်တို့ တောင်းဆိုလိုက်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် နိုင်ငံတကာက ဖိအားများ မြှင့်တင်လျက်ရှိရာ ဥရောပသမဂ္ဂက ပိတ်ဆို့မှုများကို အတည်ပြုလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်၏အကြီးအကဲသစ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အခြားထိပ်တန်း တပ်မတော် ခေါင်းဆောင်များကို ပိတ်ဆို့မှုများ ချမှတ်ထားပြီးသားဖြစ်သည်။