ရွက်ဖျင်တဲ တော်လှန်ရေးအပြီး ၁၀ နှစ်အကြာ အစ္စရေး၏ အိမ်ရာ အကျပ်အတည်း

ရွက်ဖျင်တဲ တော်လှန်ရေးအပြီး ၁၀ နှစ်အကြာ အစ္စရေး၏ အိမ်ရာ အကျပ်အတည်း
Photo: AFP
Photo: AFP
Published 22 February 2021
ရန်မျိုးအောင်

အိမ်ငှားရမ်းခမှာမူတဲလ်အဗစ်မြို့တွင် အသေးစား တိုက်ခန်းတစ်ခန်းငှားရမ်းသည့် ဈေးနှုန်းသည် ရှက်ကဲလ် ၃,၃၀၀ (ဒေါ်လာ ၁,၀၀၀ ခန့်) ရှိပြီးယင်းဈေးနှုန်းသည် နိုင်ငံမြောက်ပိုင်းရှိ ဟိုင်ဖာဆိပ်ကမ်းမြို့မှ တိုက်ခန်းငှားရမ်းခထက် နှစ်ဆပိုမိုများပြားနေ . . .

 

အစ္စရေးနိုင်ငံတွင်နေထိုင်စရိတ်များ မြင့်တက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၁၀ နှစ်အကြာတွင် စျေးနှုန်းသင့်တင့်ပြီး လူအများလက်လှမ်းမီစွာ ဝယ်ယူနိုင်မည့် အိမ်ရာများမှာ အလွန်ရှားပါး နေဆဲဖြစ်သည်။

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် ‘ရွက်ဖျင်တဲတော်လှန်ရေး’ တွင် အစ္စရေးလူငယ်များ သည် တဲလ်အဗစ်မြို့လယ်ခေါင်ရှိ လူကုံထံများနေထိုင်သည့် Rothschild Boulevard လမ်းပေါ်တွင် ရွက်ဖျင်တဲများဆောက်လုပ်ပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့၏လှုပ်ရှားမှုသည် တစ်မုဟုတ် ချင်းပျံ့နှံ့သွားခဲ့ပြီး ထောင်နှင့်ချီသည့် ဆန္ဒပြ သူများသည် အစ္စရေးနိုင်ငံအနှံ့ရှိ လမ်းများ ပေါ်သို့ထွက်ကာ လူမှုတရားမျှတရေးအတွက် တောင်းဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ယင်းကဲ့သို့ လူအများအပြားပါဝင်သည့် ဆန္ဒပြမှုသည် ၁၉၇၀ ပြည့်နှစ် အစောပိုင်း ကာလများက အရှေ့အလယ်ပိုင်း မစ်ဇရာဟီ  ဂျူးများအား ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် Black Panthers အဖွဲ့မှဦးဆောင်သည့် လူအင်အားထောင်ချီပါဝင်ခဲ့သည့် ဆန္ဒပြမှုဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်  ဖြစ်ပွားသည့် ဆန္ဒပြမှုဖြစ်ခဲ့သည်။

သို့သော်လည်း ရွက်ဖျင်တဲတော်လှန်ရေး၏ တောင်းဆိုချက်အများစုမှာ အကောင်အထည်ပေါ်လာခြင်း မရှိသေးပေ။

‘‘အဲဒီအချိန်ကတည်းက အိမ်စျေးတွေ ဆက်တိုက်တက်လာခဲ့ပါတယ်’’ ဟု ၂၀၁၁ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် စတက်ဗ်ရှက်ဖီယာက ပြောကြားခဲ့သည်။

‘‘၁၉၆၀ ပြည့်နှစ်နဲ့ ၁၉၇၀ ပြည့်နှစ် တွေက အရေးကြီးခဲ့တဲ့ အစိုးရရဲ့ အိမ်ရာ ထောက်ပံ့မှုအစီအစဉ် မရှိတော့တာကြောင့် လူတိုင်းနီးပါးဟာ ပုဂ္ဂလိကစျေးကွက်တွေထဲကို ရောက်သွားခဲ့ကြပါတယ်’’ဟု ရှက်ဖီယာ က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အစ္စရေးတွင် ပုဂ္ဂလိက အိမ်ရာစျေး ကွက်သည် ဥပဒေများဖြင့် တိတိကျကျ သတ် မှတ်ပြဋ္ဌာန်းထားခြင်းမရှိခဲ့ပေ။

ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် လွှတ် တော်တွင်ရွေးကောက်ခံခဲ့ရသည့် ရှက်ဖီယာ သည် တရားမျှတသည့် အိမ်ငှားရမ်းမှုဆိုင်ရာ  ဥပဒေကို အဆိုပြုခဲ့ပြီး အိမ်ငှားများ၏ အခွင့် အရေးများကို ပိုမိုခိုင်မာစေသည့် ယင်းဥပဒေ ကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

ယခုအခါတွင် ငှားရမ်းမည့်အိမ်များ သည် ကောင်းမွန်သည့်အခြေအနေတွင် ရှိရ မည်ဖြစ်ပြီး အိမ်ပြင်ဆင်စရိတ်ကို အိမ်ရှင်က အကုန်အကျခံရမည်ဖြစ်ကာ အိမ်ငှားများကို အိမ်ရှင်များက ယခင်ကကဲ့သို့ လွယ်လွယ်ကူ ကူ နှင်ထုတ်နိုင်တော့မည်မဟုတ်ကြောင်း အစ္စရေး၏ သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Green ပါတီ ကို ဦးဆောင်သည့် အသက် ၃၅ နှစ်အရွယ်  ရှက်ဖီယာက ပြောကြားခဲ့သည်။

သို့သော်လည်း ဥပဒေသည် အိမ်ငှားရမ်းခ စျေးနှုန်းများအပေါ် အကန့်အသတ် ဖြင့် သက်ရောက်မှုရှိခဲ့သည်ဟု တဲလ်အဗစ် တက္ကသိုလ်မှ အယ်လ်ရော့ဗ် အိမ်ခြံမြေ သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒန်နီ ဘန်ရှာဟာက ပြောကြားခဲ့သည်။

မွေးဖွားနှုန်းနှင့် လူဝင်မှုနှုန်း မြင့်မား သည့် အစ္စရေးနိုင်ငံတွင် အိမ်ငှားရမ်းခစျေး နှုန်းများသည် လူဦးရေတိုးမြင့်လာမှုနှင့် ဆက်နွှယ်နေပြီး တိုက်ခန်းများအား ဝယ်လို အားသည် ရောင်းလိုအားထက် အဆမတန် ပိုမိုများပြားနေသည်။

ရလဒ်မှာ အိမ်စျေးနှုန်းများ ကြောက်ခ မန်းလိလိ မြင့်တက်ခဲ့ပြီး အိမ်ငှားခများအ ပေါ် သက်ရောက်မှုများရှိခဲ့သည်ဟု ဘန်ရှာ ဟာက ပြောကြားခဲ့သည်။

‘‘အိမ်ရာအဆောက်အအုံကဏ္ဍဟာ အဓိကစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတုန်း ပါပဲ’’ ဟု ဘန်ရှာဟာက ဆိုသည်။

ယင်းပြဿနာသည် တဲလ်အဗစ်မြို့ တွင် ပိုမိုဆိုးရွားနေသည်။ မြေထဲပင်လယ်မြို့ ဖြစ်သည့် တဲလ်အဗစ်ကို ကမ္ဘာ့ပဥ္စမမြောက် စျေးအကြီးဆုံးမြို့အဖြစ် Economist မဂ္ဂဇင်း တွင်ဖော်ပြခဲ့ပြီး စာရင်းများအရ တဲလ်အဗစ် သည် နယူးယောက်နှင့် ဂျနီဗာတို့ထက် လူနေမှုစရိတ် ပိုမိုကုန်ကျကြောင်း ဖော်ပြခဲ့ သည်။

‘‘တဲလ်အဗစ်မှာ အခန်း လေးခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ဝယ်မယ်ဆိုရင် ရှက်ကဲလ် သုံးသန်း (ဒေါ်လာ ၉၂၀,၀၀၀) လောက် ပေးရပါလိမ့်မယ်။ တဲလ်အဗစ်မှာ မဟုတ်ဘဲ အခြားနေရာတွေမှာဆိုရင် ရှက်ကဲလ် ၁.၇ သန်း (ဒေါ်လာ ၅၂၀,၀၀၀) လောက်ပဲ ကုန်ကျပါလိမ့်မယ်’’ ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ငှားရမ်းခမှာမူ တဲလ်အဗစ်မြို့တွင် အသေးစား တိုက်ခန်းတစ်ခန်းငှားရမ်းသည့် စျေးနှုန်းသည် ရှက်ကဲလ် ၃,၃၀၀ (ဒေါ်လာ ၁,၀၀၀ ခန့်) ရှိပြီး ယင်းစျေးနှုန်းသည် နိုင်ငံ မြောက်ပိုင်းရှိ ဟိုင်ဖာဆိပ်ကမ်းမြို့မှ တိုက် ခန်းငှားရမ်းခထက် နှစ်ဆ ပိုမိုများပြားနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်ဝက်ဘ် ဆိုက်ဖြစ်သည့် Madlan ၏ ဒုဥက္ကဋ္ဌ တယ်လ် ကိုပဲလ်က ပြောကြားခဲ့သည်။

ထို့ပြင် အိမ်ခွန်သည် တစ်လလျှင် ရှက်ကဲလ် ရာနှင့်ချီ ထပ်ဆောင်းပေးရမည်ဟု ဆိုသည်။

တဲလ်အဗစ်မြို့လယ်ခေါင်တွင် အခန်း နှစ်ခန်းပါသည့် တိုက်ခန်းများသည် ငှားရမ်းခမှာ အခွန်အပါအဝင် ရှက်ကဲလ် ၆,၀၀၀ (ဒေါ်လာ ၁,၈၄၀) ခန့် ရှိသည်ဟု ယင်းမြို့သို့ မကြာသေးမီက သွားရောက်ခဲ့သည့် အေ အက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြော ကြားခဲ့သည်။

သို့သော်လည်း COVID-19 ကပ် ရောဂါ၏ ရိုက်ခတ်မှုကြောင့် အိမ်ငှားရမ်းခ စျေးနှုန်းများမှာ အကျဘက်သို့ ဦးတည်သွား ခဲ့သည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ တစ်ရိပ်ရိပ်တက်နေခဲ့သည့် အိမ်ငှားရမ်းခများသည် ပြီးခဲ့သည့် မေလက ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ သည်ဟု အစ္စရေးဗဟိုဘဏ်၏ ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

တဲလ်အဗစ်မြို့သည် ပင်လယ်ကမ်းခြေတွင်တည်ရှိပြီး ကဖီးဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများနှင့် ဘားများက ယင်းမြို့တွင် လာရောက်နေထိုင်ရန် အဓိကဆွဲဆောင်နေ သည့်အရာများဖြစ်နေသည်။

‘‘တဲလ်အဗစ်ဟာ အရမ်းလွတ်လပ်တဲ့ မြို့ဖြစ်ပါတယ်။ ရှေးရိုးစွဲဆန်တဲ့မြို့တွေမှာ မနေနိုင်တဲ့ လူတွေကို တဲလ်အဗစ်က ဆွဲ ဆောင်နေပါတယ်’’ ဟု ၎င်းင်းက ပြောကြားခဲ့ သည်။

သို့သော်လည်း ကပ်ရောဂါကြောင့် အိမ်ခြံမြေ စျေးကွက်သည် လှုပ်ခတ်ခဲ့ရသည်။ တဲလ်အဗစ်မြို့တွင် တစ်ကိုယ်တည်း သမားများ၊ စုံတွဲများအတွက် အိမ်ရာဝယ်လို အားများမှာ ခိုင်မာနေဆဲဖြစ်သော်လည်း မိသားစုဝင်များသူများသည် မြို့ထဲမှ ထွက် ခွာနေကြသည်။

‘‘ကပ်ရောဂါဟာ တဲလ်အဗစ်မြို့မှာ အများပြည်သူအပန်းဖြေစရာနေရာတွေ ရှားပါးမှုအပါအဝင် မပြည့်စုံမှုတွေကို မီး မောင်းထိုးပြလိုက်သလိုပါပဲ’’ ဟု ကိုပဲလ်က ပြောကြားခဲ့သည်။

ယီဟာရာ တီရမ်အမည်ရှိ အမျိုးသမီး သည်လည်း အစ္စရေး၏ Lockdown  ကာလ အတွင်း နေရာအပြောင်းအလဲလုပ်ခဲ့သူများ အနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

သူသည် စက်တင်ဘာလက တဲလ်အ ဗစ်မြို့ကို စွန့်ခွာပြီး သူ့ချစ်သူနှင့်အတူ နိုင်ငံ မြောက်ပိုင်းရှိ သေးငယ်သည့် သမဝါယမ လယ်ယာလုပ်ငန်းဒေသသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ရိုးရှင်းပြီး သဘာဝပတ်ဝန်းကျင် နှင့်ပိုမိုထိတွေ့ကာ အကုန်အကျနည်းသည့် လူနေမှုဘဝကို ရွေးချယ်ခဲ့သည်။

‘‘ကျွန်မ ချစ်သူနဲ့မတွေ့ခင် ကျွန်မဟာ  တဲလ်အဗစ်မြို့က တော်တော်ကို ကျဉ်းတဲ့ တိုက်ခန်းလေးထဲမှာ နေထိုင်ခဲ့ပါတယ်။ အဲ ဒီတိုက်ခန်းကျဉ်းကျဉ်းလေးအတွက် ငှားခ ငွေကြေးဟာ အခု ကျွန်မနေတဲ့ တိုက်ခန်းရဲ့ တန်ဖိုးလောက် ပေးခဲ့ရပါတယ်။ အခု ကျွန်မ နေတဲ့ တိုက်ခန်းဟာ အခန်းသုံးခန်းပါတယ်။ ၈၅ စတုရန်းမီတာကျယ်တယ်။ ပန်းခြံလည်း ရှိပြီး ပင်လယ်ကြီးကိုလည်း မြင်ရတယ်လေ’’ ဟု အသက် ၃၆ နှစ်အရွယ် လူမှုကူညီရေးလုပ်သားတစ်ဦးဖြစ်သည့် တီရမ်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent