သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲများစွာပြုလုပ်ရန် လိုအပ်

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲများစွာပြုလုပ်ရန် လိုအပ်
Photo:AP
Photo:AP
Published 21 February 2021
Ref:AP

လူသားများသည် ကမ္ဘာကြီးအား ဖျက်စီးနေကြပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှုများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့်ကမ္ဘာပေါ်တွင် လူသားများဆက်လက် နေထိုင်နိုင်ခြင်းမရှိမည့် အခြေအနေကိုပိုမိုမြင့်တက်လာစေခဲ့သည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် လူမှုဝန်းကျင်၊ စီးပွားရေးနှင့်နေ့စဉ်ဘဝများ၌ သိသာထင်ရှားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ဟုကုလသမဂ္ဂ၏စစ်တမ်းအသစ်တစ်ရပ်၌ ဖော်ပြထားသည်။

ယခင် ကုလသမဂ္ဂအစီရင်ခံစာများနှင့်မတူဘဲ ဖေဖော်ဝါရီ ၁၈ ရက်၌ ထုတ်ပြန်သည့်အစီရင်ခံစာသစ်၌ သဘာဝပတ်ဝန်းကျင် အကျပ် အတည်းရောယှက်မှုသုံးမျိုးကို ပေါင်းစည်း၍ ထုတ်ပြန်ခဲ့ပြီးယင်းတို့သည် ကမ္ဘာကြီးအားပြောင်းလဲမှု ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

သဘာဝ၏ အကူအညီမရှိဘဲ  အသက်ရှင်နေထိုင်နိုင်လိမ့်မည်မဟုတ်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကဆိုသည်။

“ကျွန်တော်တို့တွေဟာ နှစ်ပေါင်းများစွာကြာ သဘာဝတရားအပေါ် အသိတရားကင်းမဲ့ပြီး ကိုယ့်ကိုယ့်ကို လုပ်ကြံတဲ့ စစ်ပွဲတစ်ရပ်ဆင်နွှဲနေကြတယ်။ ရလဒ်အနေနဲ့ဆက်နွှယ်နေသည့် သဘာဝပတ်ဝန်းကျင် အကျပ်အတည်း သုံးမျိုးပေါ်ပေါက်လာခဲ့တာပဲ” ဟု၎င်းကဆိုသည်။

ထို့ကြောင့် စာမျက်နှာ ၁၆၈ ရွက်ပါ အစီရင်ခံစာ၏ခေါင်းစဉ်မှာ “သဘာဝတရားနှင့် ငြိမ်းချမ်းစွာနေထိုင်ခြင်း” ပင်ဖြစ်သည်။

“ကျွန်တော်တို့တွေရဲ့ ကလေးတွေဟာ ကမ္ဘာကြီးရဲ့ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေနဲ့ အပင်တွေ၊တိရစ္ဆာန်တွေ သိသိသာသာ ဆုံးရှုံးမှုတွေ၊ ရေအရင်းအမြစ်ဆုံးရှုံးမှုတွေနဲ့ အနာဂတ်မှာကပ်ရောဂါ တိုးမြင့်ဖြစ်ပွားမှုတွေနဲ့ တွေ့ကြုံရပါလိမ့်မယ်”ဟု ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးကွဲဆုံးရှုံးမှုဆိုင်ရာ ကုလသမဂ္ဂသိပ္ပံအစီအရင် ခံစားဟောင်းများကို ဦးဆောင်ခဲ့သည့် စာရေးဆရာ ရောဘတ်ဝက်ဆန်က ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က ယူဆထားသည်ထက် ပိုမိုလေးနက်လာခဲ့သည်ဟု အမေရိကန်နှင့် ဗြိတိန်အစိုးရများအတွက် ထိပ်သီးအဆင့်သိပ္ပံပညာရှင် ဝက်ဆန်က ဆိုသည်။

နှစ်စဉ်နှစ်တိုင်း အခြေအနေ ပိုမိုဆိုးရွားလာသည့်အတွက် ပြန်လှည့်၍မရသော အမှတ်တစ်ခုဆီ ရောက်ရှိလုနီးပါးဖြစ်နေသည်ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

ယင်းစစ်တမ်းတွင်အသားပေး ဖော်ပြခဲ့သည့် Fast Anglia တက္ကသိုလ်မှ ရေချယ်ဝါရန်၏အစီရင်ခံစာမှာ

- ကမ္ဘာမြေကြီးသည် ပါရီရာသီဥတု သဘောတူညီချက်တွင် သတ်မှတ်ထားသည့်အပူချိန်ထက်များ စွာကျော်လွန်၍ ၁.၉ ဒီဂရီ ဆဲစီးယက် အထိမြင့်တက်ခဲ့သည်။

-ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူကိုးသန်းခန့်သေဆုံးခဲ့ကြသည်။

-ကမ္ဘာပေါ်ရှိ အပင်နှင့်သက်ရှိမျိုးစိတ်ရှစ်သန်းမှ တစ်သန်းခန့်သည် မျိုးတုံးနိုင်သည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

-နှစ်စဉ်နှစ်တိုင်း သတ္တုများ၊အဆိပ်ရှိ အညစ်အကြေးများနှင့် စက်မှုလုပ်ငန်းများမှ စွန့်ထုတ်သည့် အညစ်အကြေးများသည် ကမ္ဘာ့ရေထုအတွင်းသို့ တန်ပေါင်းသန်း ၄၀၀ အထိ ရောက်ရှိနေသည်။

-လူသုံးဘီလျံကျော်သည် ကုန်းမြေအတန်းအစားကျဆင်းခြင်းနှင့် ကြုံတွေ့နေရပြီး ကမ္ဘာပေါ်ရှိ စိမ့်မြေအရပ်များ၏ ၁၅ ရာခိုင်နှုန်းသာ ပကတိအတိုင်းဆက်လက်ကျန်ရှိသည်။

-ကမ္ဘာ့အောက်စီဂျင် သုညဒြပ်မရှိသော “သေလွန်သောဇုန်များ” ၄၀၀ ကျော်ရှိနေပြီး ပင်လယ်သမုဒ္ဒရာများတွင် ပလတ်စတစ်ညစ်ညမ်းမှုများသည် ၁၉၈၀ ခုနှစ်နောက်ပိုင်း ၁၀ ဆမြင့်တက်ခဲ့သည်။

“အဆုံးမှာတော့ ဒါတွေက ကျွန်တော်တို့ကို ရိုက်ခတ်လာမှာပါ။  ဒါဟာဆင်တွေကိုပဲ သက်ရောက်တာမဟုတ်သလို ရာသီဥတုအပေါ် ဒါမှမဟုတ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုအပေါ်ကိုပဲ သက်ရောက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ အားလုံးအပေါ်သက်ရောက်မှာပါ” ဟု သိပ္ပံဆိုင်ရာအကြံပေး သောမတ်စ် လက်ဗ်ဂျွိုင်းကဆိုသည်။

“အစိုးရတွေအနေနဲ့ သဘာဝအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်နေမယ့်အစား ကာကွယ်ရမှာပါ။တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေဟာသဘာဝ ပတ်ဝန်းကျင်ကိုဖျက်စီးပစ်ဖို့ ဒေါ်လာ ၄ ထရီလီယံကနေ ၆ ထရီ လီယံအထိ သုံးနေကြပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။