မီးဘေးအန္တရာယ်လုံခြုံရေး

မီးဘေးအန္တရာယ်လုံခြုံရေး
Published 20 February 2021

မီးကြောင့်ဖြစ်ပွားသော ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ရည်ရွယ်သည့် လုပ်ထုံးလုပ်နည်းများကို မီးဘေးလုံခြုံရေးဟု ခေါ်သည်။ မီးဘေးလုံခြုံရေး နည်းလမ်းများတွင် ထိန်းချုပ်၍မရသော မီးလောင်မှုကို ကာကွယ်ရန် ရည်ရွယ်ထားသည့်အရာများနှင့် မီးစတင်လောင်ကျွမ်းပြီးနောက် မီး၏ကြီးထွားလာမှုနှင့် သက်ရောက်မှုများကို ကန့်သတ်ရန် အသုံးပြုသည့်အရာများ ပါဝင်သည်။ မီးဘေးလုံခြုံရေး နည်းလမ်းများတွင် အဆောက်အအုံတစ်ခု တည်ဆောက်စဉ်အတွင်း စီစဉ်ထားမှုများ သို့မဟုတ် တည်ရှိပြီးသား အဆောက်အအုံများ၌ အကောင်အထည်ဖော်မှုများအပြင် အဆောက်အအုံအတွင်း နေထိုင်သူများကို သင်ကြားပေးထားရမည့်အရာများ ပါဝင်သည်။

မီးဘေးလုံခြုံမှုကို ခြိမ်းခြောက်နေသည့်အရာများကို မီးဘေးအန္တရာယ်များဟု ခေါ်လေ့ရှိသည်။ မီးဘေးအန္တရာယ်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားနိုင်ခြေကို တိုးပွားစေသည့် သို့မဟုတ် မီးလောင်မှု ဖြစ်ပွားပါက ထွက်ပြေးလွတ်မြောက်နိုင်မှုကို ဟန့်တားနေသည့် အနေအထားများ ပါဝင်သည်။ မီးဘေးလုံခြုံရေးသည် အဆောက်အအုံလုံခြုံရေး အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ပါဝင်သည်။ မီးသတ်စည်းမျဉ်းများကို ချိုးဖောက်မှုများအတွက် အဆောက်အအုံများကို စစ်ဆေးသူများနှင့် ကျောင်းများသို့သွားကာ ကလေးများအား မီးဘေးလုံခြုံရေးအကြောင်းအရာများကို ပညာပေးဟောပြောသူများသည် မီးဘေးကာကွယ်ရေးအရာရှိများဟု ခေါ်ဆိုသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

မီးဘေးကာကွယ်ရေး မူဝါဒများသည် အဆောက်အအုံတစ်ခု တည်ဆောက်ချိန်မှသည် ယင်းအဆောက်အအုံအား အသုံးပြုနေသမျှကာလပတ်လုံး အကျုံးဝင်သည်။ လုံလောက်သည့် မီးဘေး ထွက်ပေါက်များ၊ သတိပေးအမှတ်အသားများနှင့် မီးဘေးစုရပ်၊တံခါးများ၊ပြတင်းပေါက်များနှင့် နံရံများတို့၏ မီးဒဏ်ခံနိုင်ရည်အဆင့်အစရှိသော အဆောက်အအုံတည်ဆောက်မှု အသေးစိတ်များကဲ့သို့သော လက္ခဏာရပ်များ အာမခံချက်ရှိရေး သေချာစေရန် ဒေသအဆင့်နှင့် နိုင်ငံတော်အဆင့် အစိုးရများက အဆောက်အအုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးသည်။ ၀ိုင်ယာများ သို့မဟုတ် ကိရိယာများ အပူလွန်ကဲမှုကို ကာကွယ်ရန်နှင့် လျှပ်စစ်ဆိုင်ရာ အမှားများကြောင့် မီးလောင်မှုမှကာကွယ်ရန် ရည်ရွယ်လျက် လျှပ်စစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကျင့်သုံးခြင်းသည်လည်း မီးဘေးကာကွယ်ရေး မူဝါဒများပင် ဖြစ်သည်။

ရုပ်ရှင်ရုံများ သို့မဟုတ် စားသောက်ဆိုင်များကဲ့သို့သော အဆောက်အအုံများအတွက် အများဆုံးနေနိုင်သည့် လူဦးရေ သတ်မှတ်ချက်မျိုးကိုလည်း မီးသတ်စည်းမျဉ်းစည်းကမ်းများက ထိန်းကွပ်ထားသည်။ မီးသတ်စည်းမျဉ်းစည်းကမ်းများတွင် အဆောက်အအုံတစ်ခုအတွင်း သယ်ဆောင်နိုင်သည့် မီးသတ်ဘူးများထားရှိရေး၊ မီးထောက်လှမ်းရေးကိရိယာများ တပ်ဆင်ရေး၊ အလိုအလျောက် ရေဖျန်းသည့်စနစ်၊ မီးဘေးအချက်ပေးစနစ်အစရှိသော ကိရိယာများထားရှိရေး အစရှိသည်တို့လည်း ပါဝင်သည်။ ဖော်ပြပါအချက်များအား အသုံးပြု၍ရနိုင်သည့် အနေအထား၌ထားရှိခြင်း ရှိမရှိကို ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ရန် ဒေသဆိုင်ရာ အာဏာပိုင်များ၌ တာဝန်ရှိသည်။ ပုံမှန်စစ်ဆေးမှုများအပေါ် မူတည်လျက် မီးဘေးဆိုင်ရာ စစ်ဆေးမှုတစ်ရပ်သည် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် သတိပေးခြင်း သို့မဟုတ် မီးသတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်မှုမလုပ်မချင်း အဆောက်အအုံကို ပိတ်ထားခြင်းတို့ ရလဒ်အဖြစ် ထွက်ပေါ်လာနိုင်သည်။ အဆောက်အအုံတစ်ခု၏ ပိုင်ရှင်များနှင့် မန်နေဂျာများသည် ဖြည့်စွက်ထားသော မီးဘေးလုံခြုံရေးမူဝါဒများကို အကောင်အထည်ဖော်ရမှုများလည်း ရှိနိုင်သည်။ ဥပမာအနေဖြင့် စက်မှုဇုန်တစ်ခုတွင် အချို့သောဝန်ထမ်းများကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအဖြစ် ထားရှိခြင်း သို့မဟုတ် သင်တန်းပေးခြင်းမျိုး ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုများ အကန့်အသတ်မရှိ ကြီးမားနိုင်သည့်အပြင် အများပြည်သူတို့အတွက် အသက်အန္တရာယ်ရှိသည်အထိပင် ထိခိုက်မှုရှိနိုင်သောကြောင့် ချမှတ်ထားသည့် မီးဘေးလုံခြုံရေး မူဝါဒများအတိုင်း တိတိကျကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်