နွေဦးပွဲတော်ရနံ့

နွေဦးပွဲတော်ရနံ့
Photo:Pinterest
Photo:Pinterest
Published 20 February 2021
ထူး(Glory)

အခုတလော ကျွန်တော်မက်တဲ့ အိပ်မက်တွေထဲမှာ ပွဲတော်တွေအကြောင်းတွေ ခဏခဏပါနေတတ်တယ်။ တစ်ညလည်းမဟုတ်၊ နှစ်ညလည်းမဟုတ်။ ညတိုင်းလုနီးပါး မက်နေတာ။ တစ်ခါလည်းမဟုတ်။ နှစ်ခါလည်း မဟုတ်။ အကြိမ်ကြိမ်၊ အခါခါ။ မက်လိုက်ရင် ဒီအိပ်မက်တွေချည်းပဲ။ အိပ်မက်ဆင်တူတွေ။ ကြာတော့ ကိုယ့်အိပ်မက်တွေ ကိုယ်တောင် အလွတ်ရလုနီးပါးရှိနေပြီ။ ဒီညလာမဲ့အိပ်မက်ကလည်း ပွဲတော်တွေအကြောင်းပဲ ဖြစ်ဦးမှာပဲ။ နွေဦးရောက်လာလို့လား မပြောတတ်ပါဘူး။ ပွဲတော်တွေထဲမှာ တောင်နွေဦးပွဲတော်တွေအကြောင်းပဲ မက်ဖြစ်တယ်။ ကျွန်တော်ကလည်း ပွဲမက်သူပီပီ အားအားရှိရင် ပွဲတော်တွေအကြောင်းပဲ အမြဲတွေးနေခဲ့တာ‌ကြောင့်လည်း ပါမှာပေါ့။

အခုဆို ပွဲတော်တွေ မကျင်းပဖြစ်တာလည်း တော်တော့်ကိုကြာနေပြီ။ ကြာလေဝေးလေများ ဖြစ်တော့မလားမသိဘူး။ ကျွန်တော်ကလည်း ဒီလောက်ကြာနေတာကို ဒီအချိန်ရောက်ရင် ဒီလိုအိပ်မက်မျိုးတွေက မက်ဖြစ်အောင် မက်လိုက်သေးတယ်။ ကြာရင် မေ့တယ်ဆိုတာမျိုးက ကိုယ်တကယ်မစွဲလမ်းတာကြောင့်လည်း ပါမှာပေါ့။ စွဲလမ်းရင် မေ့လေ့မရှိပါဘူး။ အခုလောလောဆယ်တော့ ကျွန်တော့်အတွက် အစွဲအလမ်းဟာ ပွဲတော်တွေ ဖြစ်နေပြီး ပွဲတော်တွေဟာ အိပ်မက်ထဲကို ညတိုင်း ရောက်ရောက်လာကြတယ်။ ညဘက် အိပ်မက်တွေမက်လေ၊ နေ့ဘက်ပွဲတော်တွေကို ပိုပြီးသတိရလေပဲ။

ရနံ့တွေဟာ ပွဲတော်တွေကို တစ်နည်းတစ်ဖုံနဲ့ ယူဆောင်လာတတ်ပါလေသလား။ အထူးသဖြင့် အခုလို နွေဦးရာသီမျိုးမှာပေါ့။ ပွဲတော်တွေမှာ ရနံတစ်ခုခု ရှိနေတာတော့ သေချာပါတယ်။ ပွဲတော်ရနံ့ပဲ ဆိုကြပါစို့။ ဘယ်လိုရနံ့မျိုးလဲဆိုရင် သူ့ရာသီပေါ်ရင် သူ့အလိုလိုရောက်လာတတ်တဲ့ရနံ့မျိုး။ မိုးဦးကို ရောက်လာတဲ့အခါ မိုးဦးရနံ့ရသလိုမျိုး၊ ဆောင်းဦးကို ရောက်လာတဲ့အခါ  နှင်းရနံ့ကလေးတွေကို ရလာတတ်သလိုမျိုး၊ နွေဦးကို ရောက်လာတဲ့အခါ နွေဦးပွဲတော် ရနံ့ကလေးက အလိုလိုရလာတတ်တယ်။ အဲဒီပွဲတော်ရနံ့တွေကပဲ ကျွန်တော်တို့ကို ပွဲတော်ဆီကို ခေါ်သွားတတ်ကြတယ်။ ကျွန်တော်တို့လည်း ပွဲတော်ရနံ့တွေတစ်လျှောက် ပွဲတော်တွေထဲကို လိုက်ပါကူးလူးခဲ့ကြတယ်။  အခုဆို သရက်ပန်းရနံ့တွေ လှိုင်လှိုင်ကြီးကို ပျံ့နှံ့နေတယ်။ အဲဒီ သရက်ပန်းရနံ့တွေဟာလည်း နွေဦးပွဲတော်တွေကို ဆောင်ယူလာတတ်ကြတာပဲလေ။  သရက်ပန်းရနံ့ဟာ နွေဦးပွဲတော်တွေနဲ့ ခွဲမရဘူး။ နွေဦးပွဲတော်တွေရဲ့ ရှေ့တော်ပြေးအဖြစ် သရက်ပန်းရနံ့တွေ ရောက်ချလာတာနဲ့ ဖုန်လုံးတလိမ့်လိမ့်နဲ့ နွေဦးပွဲတော်တွေရဲ့အခင်းအကျင်းဟာ စတင်နေပြီဆိုတာ  ကျွန်တော်တို့ကို ဘယ်သူမှ ပြောစရာမလိုဘဲ သိနေကြပြီလေ။

ဟိုး ကျွန်တော်တို့ငယ်ငယ်တုန်းကဆို တပေါင်းဘုရားပွဲတော်ရောက်ပြီဆိုတာနဲ့ ဖုန်တထောင်းထောင်းထနေတဲ့ လှည်းလမ်းတွေမှာ လှည်းယာဉ်တွေနဲ့ ပြည့်နက်နေလေ့ ရှိတယ်။ အဲဒီလှည်းယာဉ်တန်းတွေဆီကရတဲ့ ဖုန်ရနံ့ဟာလည်း နွေဦးပွဲတော်ရနံ့တစ်မျိုးပါပဲ။ ဘုရားပွဲတော်ဆီကို လှည်းလမ်းတစ်လျှောက် ချီတက်နေကြတဲ့ လှည်းယာဉ်တန်းကြီးကို အမြင့်တစ်နေရာကနေ လှမ်းကြည့်ရင်  ကွေ့ကောက်ကောက်မြစ်ငယ်ကလေးထဲမှာ ရောင်စုံပန်းတွေ လွင့်မျောနေကြသလိုပဲ။ တော်တော်ကလေးကို ကြည့်ကောင်းတယ်။ ခြူသံတလွင်လွင်နဲ့ လှည်းယဉ်တွေဆီကထွက်လာတဲ့ အသံတွေဟာ သက္ကရာဇ်အဟောင်းတွေကို ဖြတ်ကျော်ပြီး အခုအချိန်အထိ ကျွန်တော့်နားထဲမှာ ရစ်ဝဲနေကြတုန်း။ အဲဒီတုန်းက ကျွန်တော်တို့ထက်အသက်ကြီးတဲ့ အစ်ကိုကြီး အစ်မကြီးတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် လှောင်ပြောင်ကျီစယ်ကြပုံဟာ တော်တော်ကြည်နူးစရာ ကောင်းတယ်။ ရှေ့လှည်းနဲ့ နောက်လှည်း ပြောင်ကြ၊ လှောင်ကြ၊ ဆဲကြ၊ဆိုကြနဲ့။ ဘုရားပွဲဆီ မရောက်မချင်း တဟေးဟေးတဟားဟားနဲ့ တော်တော်ကို ပျော်စရာကောင်းတာ။ ဒီအထဲ တချို့လှည်းတွေက အပြိုင်ကျော်တက်တာမျိုးလည်းရှိရဲ့။ ရေစီးအရှိန်ရတဲ့ ပန်းပွင့်တွေက ရေစီးအရှိန်နည်းတဲ့ပန်းပွင့်တွေကို ကျော်တက်သလိုမျိုး။ လွှတ်ကြည့်ကောင်းတာ။ ဒါကို လှည်းယာဉ်တွေ စည်းကမ်းမရှိဘူးတွေ ဘာတွေ သွားပြောလို့မရဘူး။ အပြိုင်ကျော်တက်ကြတာက ကျွန်တော်တို့ရဲ့တောဓလေ့မှာ ပျော်စရာအသွင်ကို ဆောင်ပါတယ်။ တချို့ကောင်မလေးတွေက လှည်းတွေပေါ်မှာ ဆူပွက်အော်ဟစ်လို့။ ပွဲသွားရတဲ့အရသာတွေထဲမှာ အဲဒီလို အော်ဟစ်ဆူညံတာတွေက အရသာအရှိဆုံးပဲ။ ကျွန်တော်တို့ ငယ်ငယ်က လှည်းလမ်းတစ်လျှောက်  ဆူညံအော်ဟစ်ခဲ့ကြတာပဲ။ ဒါပေမဲ့ ပွဲခင်းထဲရောက်တော့ မဆူရဲကြဘူး။ ဘုန်းဘုန်းတို့ရဲ့ကျိန်လုံးတွေက ငယ်သောကြီးသောတွေ ရွေးတာမဟုတ်ဘူး။ ဟေးခနဲ ဆူလိုက်တာနဲ့ ခွပ်ခနဲပဲ။

မနေ့ညက ဘုရားပွဲတော်တစ်ခုထဲကို ကျွန်တော် ရောက်သွားတယ်။ ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ ပွဲတော်တစ်ခုပါပဲ။ ပွဲတော်ဟာ ရောင်စုံမီးပန်းတွေနဲ့ လှပတက်ကြွနေတယ်။ ခုန်ပေါက်နေတဲ့ လူငယ်ကလေးတွေဟာလည်း ပွဲတော်ရဲ့အရသာကို တဝကြီးခံစားနေကြတယ်။ ဆိုင်တန်းလျားတွေရဲ့ အပြိုင်အဆိုင် အော်ဟစ်ရောင်းချကြပုံကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတယ်။ ဒါပေမဲ့ ထူးခြားမှုတစ်ခုကို ကျွန်တော် သိလိုက်ရတယ်။ ပွဲတော်မှာ ဘာရနံ့မှမရှိဘူး ဖြစ်နေတယ်။ ဟုတ်တယ်။ ပွဲတော်မှာ ပွဲတော်နဲ့ဆိုင်တဲ့ရနံ့မရှိဘူး ဖြစ်နေတယ်။ ပွဲတော်ကို ရောက်ပြီဆိုတာနဲ့ ကျွန်တော် အရင်ဆုံးရှူရှိုက်မိတာက ပွဲတော်ရနံ့ပဲ။ လူရောင်စုံအခင်းအကျင်းကြီးကတော့ သက်ဝင်လှုပ်ရှားလွန်းပါတယ်။  ပွဲတော်ဟာ ကောင်မလေးတချို့ရဲ့ တက်ကြွတဲ့ ပုံပန်းသဏ္ဌာန်တချို့ကြောင့် လတ်ဆတ်တက်ကြွနေတယ်လို့ ထင်ရတယ်။ ကောင်မလေးတွေရဲ့ ပါးပြင်တွေမှာ သနပ်ခါးတွေလူးထားကြပေမဲ့ ရနံ့ကင်းမဲ့လွန်းတယ်။ အမှန်ဆို အနည်းဆုံးတော့ သူတို့ဆီက ကိုယ်သင်းရနံ့မဟုတ်တောင် ရေမွေးအတုရနံ့တွေ ရသင့်တာပေါ့။ အခုတော့ ပွဲတော်ဟာ ဘာရနံ့မှမရှိတဲ့ လေထုအတုတစ်ခုလိုပဲ။  ရသလိုရနံ့မပါရင် ပွဲတော်လို့ ကျွန်တော် ဘယ်လိုသတ်မှတ်ရမလဲ။ ရနံ့မပါလို့ကတော့ ပွဲတော်လို့ ဘယ်နည်းနဲ့မှ ကျွန်တော် မသတ်မှတ်နိုင်ဘူး။

အငွေ့တထောင်းထောင်းနဲ့ ဝတ်သားတုတ်ထိုးဆိုင်ကလေးဆီကတော့ ဟင်းချိုရည်ရနံ့တွေ ရသင့်တာပေါ့။ ဘယ်မှာလဲ အဲဒီရနံ့။ ဘာလို့ရနံ့တွေ ပျောက်နေရတာလဲ။ ပွဲတော်တစ်ခုမှာ ပွဲတော်ရနံ့ဆိုတာ မဖြစ်မနေရှိရမဲ့ ရနံ့လေ။ ပွဲတော်ဟာ သံသယဝင်စရာကောင်းနေတယ်။ တစ်ခါတစ်ခါ သူများကို သံသယဝင်တာထက် ကိုယ့်ကိုယ်ကိုယ် သံသယဝင်ကြည့်တာက အဖြေမှန်ဆီကို ဦးတည်တယ်လို့ ကျွန်တော် ထင်တယ်။ ဒါနဲ့ ပွဲတော်ကို သံသယမဝင်ဘဲ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ကြည့်လိုက်တယ်။ အနံ့ပျောက်တယ်ဆိုတဲ့ရောဂါတစ်ခုများ ကျွန်တော်ရနေသလားပေါ့။ ကျွန်တော်ဟာ လူထူထူကို ရှောင်လေ့ရှိတယ်။ လူထူထူထဲသွားရင်တောင် ကျွန်တော့်ကို လူအများမမှတ်မိအောင်အထိ ဖုံးအုပ်ကာကွယ်ပြီးမှ သွားတတ်တယ်။ ကျွန်တော် အဲဒီရောဂါမရှိတာ သေချာပါတယ်။ ဘယ်နည်းနဲ့မှ ကျွန်တော် မဖြစ်နိုင်ပါဘူး။ အခုက ကျွန်တော်က အိပ်မက်မက်တဲ့အကြောင်း ပြောနေတာဖြစ်လို့ အိပ်မက်ထဲ ရနံ့မပါတဲ့အကြောင်းကို အရေးတကြီးပြောနေစရာမလိုဘူးလို့ ခင်ဗျားအနေနဲ့ ပြောကောင်းပြောလာနိုင်တယ်။ အိပ်မက်ထဲမှာပွဲတော်ရှိနေစေဦးတော့ ရနံ့ကပါကိုပါမှ ဖြစ်မယ်လေ။ ပွဲတော်မှာ ပွဲတော်ရနံဟာ သိပ်ကို အရေးကြီးပါတယ်။

တစ်ခါတုန်းကတော့ အညှော်မိနေတဲ့ ပွဲတော်တစ်ခုကို နေခင်းဘက်ကြီးမှာ ကျွန်တော်တွေ့ခဲ့တယ်။ ပွဲတော်ဟာ  လူမမာတစ်ယောက်လို ငြီးစီစီကြီး ဖြစ်နေတယ်။ နေ့ခင်းကြောင်တောင်မှာ ကြောင်တောင်ကြီး။ ပွဲတော်ဟာ ညခင်းမှာ စျေးရောင်းရပြီး နေ့ခင်းမှာ ခဏတဖြုတ်အိပ်စက်ရတဲ့ ပွဲခင်းစျေးသည်တွေနဲ့အတူ နေခင်းဘက်မှာတော့ တစ်ရေးတစ်မောအိပ်လေ့ရှိတယ် ထင်ပါရဲ့။ တစ်ရေးတမောဆိုတာကလည်း ဘာမှသိပ်ကြာလိုက်မယ် မထင်ပါဘူး။ ဆူညံသံနည်းနည်းကြားလိုက်တာနဲ့ ပွဲတော်ဟာ ဖြတ်ခနဲနိုးလာတော့တာပဲ။ နိုးလာတယ်ဆိုပေမဲ့လည်း လန်းလန်းဆန်းဆန်းကြီးမဟုတ်။ ညပိုင်းတွေမှာ အိပ်ရေးပျက်တာနဲ့ နည်းနည်းက‌လေးပြင်းလာတဲ့ နေပူဒဏ်ကြောင့် ထင်ပါရဲ့။ ပွဲတော်ဟာ ငူငူငိုင်ငိုင်ကြီး ဖြစ်နေတယ်။ တစ်ချက်တစ်ချက် ငိုက်ငိုက်သွားသေးတယ်။

နေရောင်ခပ်ပြင်းပြင်းရဲ့အောက်မှာ ခေတ်ပေါ်ဆောင်းဘောက်အကြီးကြီးတွေဆီကလာတဲ့ ကာလပေါ်ဂီတသံ ဆူညံညံတွေကလည်း ပွဲတော်ကို လန်းဆန်းအောင် မလုပ်နိုင်ကြဘူး။  ပွဲတော်ဟာ အိပ်ငိုက်မြဲ အိပ်ငိုက်နေဆဲပဲ။ ခေတ်ပေါ်ဂီတတွေကို ပွဲတော်နားမထောင်တတ်ပါဘူး။ ပွဲတော် နားမထောင်တတ်ပေမဲ့ ပွဲတော်ထဲက လူတွေက အဲဒီခေတ်ပေါ်ဂီတတွေကိုပဲ နေ့မနားညမနား အပြိုင်ဖွင့်နေကြတယ်။  ကြာတော့ ပွဲတော်လည်း သိပ်အရေးမလုပ်ဖြစ်တော့ပါဘူး။  သူ့ဘာသာ နေခင်းကြောင်တောင်ကြီးကိုပဲ ကြောင်တောင်တောင်နဲ့ ကြည့်နေမိတော့တယ်။

လူတွေဟာ ပွဲတော်ကို အမွေးတိုင်တွေနဲ့ မှိုင်းတိုက်ပြီး သတ်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ ပွဲတော်မှာ တခြားလေထုမရှိလေတော့ အဲဒီအမွေးတိုင်အနံ့တွေကိုပဲ မရှူရှိုက်ချင်ဘဲ ရှူရှိုက်နေရတယ်ဆိုတာ သူတို့တကယ်မသိကြတာလား။ မသိချင်ယောင် ဆောင်ကြတာပဲလား။ အဝတ်အစား အဟောင်းထည်ဆိုင်ကနေ အကြော်ဆိုင်ကလေးအထိ အမွေးတိုင်တွေ ထွန်းထားကြတာ‌ကြောင့် ပွဲတော်ထဲကို ဖြတ်သွားတာနဲ့ အမွေးတိုင်အနံ့တွေ ကိုယ့်ကိုယ်ပေါ်မှာ ကပ်လာသလိုထင်ရတယ်။ ဘာလို့ အမွေးတိုင်တွေ ထွန်းထားကြတာလဲလို့ မေးကြည့်ရင် သူတို့ရဲ့ အဖြေအများစုဟာ ပိုက်ဆံလိုချင်လို့ဆိုတာမှာပဲ အဆုံးသတ်တယ်။ အဲဒီမှာ ကျွန်တော်အတွေးတစ်ခု ရသွားတယ်။ ရနံ့တစ်ခုဟာ ပိုက်ဆံရစေပါသလား။ အဲဒီရနံ့နဲ့ပဲ တချို့က ဘုရားကို‌ ပူဇော်တယ်။ တချို့က နတ်ကို ပူဇော်တယ်။ တချို့က နာနာဘာဝကို ပူဇော်တယ်။ ပူဇော်ပြီးရင် သူတို့လိုရာဆုကို တောင်းကြတယ်။ လိုရာဆုဆိုတာကလည်း ပိုက်ဆံပါပဲ။ အမွေးတိုင်ကလေး ငါးဆယ်ဖိုးလောက်ဝယ်ပြီး ငါးသိန်းဖိုးလောက် ဆုတောင်းကြတယ်။ ပွဲတော်မှာသာ အသက်ရှူမဝလို့ သေရော့မယ်။ လူဆိုတာမျိုးက သူများဘယ်လိုပဲ ပိတ်ဆို့နေပါစေ သူတို့ ထွက်ပေါက်ချောင်ဖို့ပဲ အရေးစိုက်ကြတာလေ။

မနက်လင်းလာတော့ အိပ်မက်တွေဟာ အိပ်မက်တွေရဲ့ထုံးစံအတိုင်း အငွေ့ပြန်သွားတယ်။ မနက်ခင်းရဲ့ရနံ့ထဲမှာ ကျွန်တော်နဲ့သိပ်ကိုရင်းနီးတဲ့ရနံ့တစ်ခု ပါလာတာကို စိတ်အာရုံထဲက သိလိုက်တယ်။ ဒါနဲ့ မျက်နှာမသစ်သေးခင် ပြတင်းပေါက်ကနေ အိမ်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ လား လား။ နွေဦးပွဲတော်ရနံ့တစ်ခု။ ဟိုမှာ။ လှည်းယာဉ်တန်းတစ်ခုရဲ့နောက်မှာ ဖုန်လုံးတွေ။