ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့အား ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ဗြိတိန်အစိုးရကြေညာ

ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် ဒုဝန်ကြီးတို့အား ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ဗြိတိန်အစိုးရကြေညာ
Published 19 February 2021

ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန် ကြီးနှင့် ဒုဝန်ကြီးတို့အား ပစ်မှတ်ထားအရေး ယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ဗြိတိန်အစိုးရ က ကြေညာသည်။

အာဏာသိမ်းစဉ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သော မြန်မာတပ်မတော်မှ အဖွဲ့ဝင် သုံးဦး၏ ပိုင်ဆိုင်မှုများအား ချက်ချင်းရပ်တန့်ခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများကို ချမှတ်မည် ဖြစ်သည်ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို မြန်မာတပ်မတော်၏ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြည်ထဲရေး ဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် တို့အားလည်းကောင်း ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မည် ဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများမှာ ယူကေအစိုးရက စာရင်းပြုစုထားသော လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ပစ်မှတ်ထား အရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည့် မြန်မာတပ်မတော်မှ ၁၆ ဦးအပြင် နောက်ထပ်အရေးယူ ဒဏ်ခတ်မှု ဖြစ်ကြောင်း၊ အလားတူ ကနေဒါအစိုးရကလည်း လုပ်ဆောင်မည် ဖြစ်သည်ဟု  ဗြိတိန်အစိုးရက ကြေညာသည်။

ထို့ပြင် ဗြိတိန်၏ စီးပွားရေးလုပ်ငန်း အချို့ကိုလည်း မြန်မာ့တပ်မတော်နှင့် အလုပ်လုပ်ဆောင်ခြင်းအား ရပ်ဆိုင်းထားရန်နှင့် အကူအညီထောက်ပံ့ပေးရေး အစီအစဉ်များအား ပြန်လည်သုံးသပ်မှုကို အဆုံးသတ် ပြုလုပ်ပြီးနောက် လက်ရှိအစိုးရအား သွယ်ဝိုက် ပံ့ပိုးမှုမရှိစေရေးကို တားဆီးရန် ထပ်ဆင့် ကာကွယ်မှုများကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးနှင့် အထိခိုက်အလွယ်ဆုံး ပြည်သူများ အကူအညီရရှိရေးအတွက် ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။