၂၀၁ရ စက်တင်ဘာမှစ၍ ကလော့ပ်၏လီဗာပူးလ် ချန်ပီယံလိဂ် Clean Sheet (၁၈)ပွဲ ရရှိထားပြီး ယင်းကာလအတွင်း ဥရောပကလပ်များထဲ၌ အများဆုံးဖြစ်

၂၀၁ရ စက်တင်ဘာမှစ၍ ကလော့ပ်၏လီဗာပူးလ် ချန်ပီယံလိဂ် Clean Sheet (၁၈)ပွဲ ရရှိထားပြီး ယင်းကာလအတွင်း ဥရောပကလပ်များထဲ၌ အများဆုံးဖြစ်
Photos : Getty Images
Photos : Getty Images
Published 18 February 2021

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် လိုက်ပ်ဇစ် (၀-၂) လီဗာပူးလ်ပွဲတွင် လီဗာပူးလ်အသင်းသည် ဂိုးမပေးရဘဲ Clean Sheet ရရှိခဲ့ရာ ယင်းမှာ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်လက်ထက်တွင် လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ် Clean Sheet (၁၈)ပွဲမြောက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာလ(၈)ရက်နေ့တွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သော်လည်း လီဗာပူးလ်အသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်ကို ပထမဆုံးတာဝန်ယူရသည်မှာ ၂၀၁၇ စက်တင်ဘာလမှဖြစ်သည်။

ယင်းအချိန်မှစ၍ လက်ရှိအချိန်အထိ လီဗာပူးလ်အသင်း၏ ချန်ပီယံလိဂ် Clean Sheet မှာ (၁၈)ပွဲအထိရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း ဥရောပကလပ်အသင်းများထဲ၌ ချန်ပီယံလိဂ် Clean Sheet ပွဲအများဆုံး ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်(၆)ပွဲအပါအဝင် (၇)ပွဲယှဉ်ပြိုင်ထားပြီး ယင်းထဲတွင် (၅)ပွဲကို ဂိုးမပေးရအောင် ကစားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

လိုက်ပ်ဇစ်နှင့်ကစားခဲ့သောပွဲတွင် အသင်းအတွက် လက်စွမ်းပြပြီး ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့သူ ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန်မှာလည်း လီဗာပူးလ်အသင်းအတွက်  ပြိုင်ပွဲစုံ Clean Sheet ပွဲ(၅၀)ပြည့်မြောက်သွားခဲ့ကြောင်း သိရှိရသည်။

အယ်လစ်ဆန်သည် ၂၀၁၈-၁၉ ဘောလုံးရာသီမှစတင်၍ လီဗာပူးလ်အသင်းအတွက် စတင်ကစားခဲ့သူဖြစ်ပြီး လီဗာပူးလ်အသင်းအတွက် သူကစားခဲ့သောကာလတစ်လျှောက် သူ့ထက်ပြိုင်ပွဲစုံ Clean Sheet အရေအတွက် ပိုယူနိုင်သည့်ဂိုးသမားမှာ (ဥရောပထိပ်တန်းလိဂ် ၅ ခုတွင်) (၂) ဦးသာရှိကြောင်းသိရသည်။

၎င်းတို့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ် (၅၉ ပွဲ)နှင့် မန်စီးတီးအသင်းမှ ဘရာဇီးလ်ဂိုးသမား အီဒါဆန် (၆၄ ပွဲ)တို့ဖြစ်ကြောင်း သိရှိရသည်။

လိုက်ပ်ဇစ်နှင့်ပွဲတွင် လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုး(၁)ဂိုးကိုသွင်းယူပေးခဲ့သော အီဂျစ်တိုက်စစ်မှူး ဆာလာမှာ ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၄)ဂိုးအထိ ရှိလာခဲ့ပြီး ယမန်နှစ်တစ်ရာသီလုံးက ပြိုင်ပွဲစုံသွင်းဂိုး ထက်(၁)ဂိုးပိုသာခဲ့ပြီဖြစ်သည်။

ဆာလာသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ(၄၈)ပွဲကစားရာတွင် (၂၃)ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၄)ပွဲကစားရာ၌ (၂၄) ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ဆာလာထက် ပြိုင်ပွဲစုံဂိုး ပိုသွင်းယူထားသည့်ကစားသမားမှာ (ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ မှတ်တမ်းများအရ)တစ်ဦးသာရှိပြီး ၎င်းမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၀ ဂိုး)ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent