ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခဲ့သည့် ဒေါက်တာအေးမောင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဒေသခံအများအပြား ကြိုဆို

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခဲ့သည့် ဒေါက်တာအေးမောင် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဒေသခံအများအပြား ကြိုဆို
Published 18 February 2021

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခဲ့သည့် ဒေါက်တာအေးမောင်သည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြိ်ု့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိစဉ် ဒေသခံ အများအပြားက လေယာဉ်ကွင်းတွင် လာရောက်ကြိုဆိုခဲ့ကြသည်။

ဒေါက်တာအေးမောင်သည် စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် နိုင်ငံတော် သစ္စာဖောက် ပုန်ကန်မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့်  နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရသူပြီး သုံးနှစ်နီးပါးအကြာ ဖေဖော်ဝါရီ ၁၂ ရက်တွင် လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

"ဒေါက်တာအေးမောင်ဟာ ပြည်သူတွေက ခေါင်းဆောင်အဖြစ် တင်မြောက်ထားတာကိုလည်း တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်က လာရောက် ကြိုဆိုကြတာ ဖြစ်တယ်။ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များ အပါအဝင် တစ်ချို့မြို့နယ်များကလည်း ဒေါက်တာ အေးမောင်ကို လေးစား ခင်မင်သူများက လာရောက်ကြိုဆိုကြတာကို တွေ့ရတယ်" ဟု လာရောက် ကြိုဆိုသူတစ်ဦးက ပြောကြားခဲ့သည်။

ဒေါက်တာ အေးမောင်အား လေယာဉ်ကွင်းတွင် လာရောက်ကြိုဆိုသူသည်  ထောင်ဂဏန်းခန့် ရှိခဲ့သည်။

"ရခိုင်ပြည်နယ်ဟာ အခုအချိန်မှာ အနာဂတ်အတွက် အခြေအနေကောင်းတစ်ခုမှာ ရှိတယ်လို့ ခံစားရပါတယ်။ ရခိုင်လူထုရဲ့ သွားလိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီလို့ မြင်တယ်၊ ရှေ့နောက် ချိန်ဆပြီးမှ နိုင်ငံရေးအခြေနေကို ဘယ်လိုသွားမလဲဆိုတာ စဉ်းစားရမယ်။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ပါတီက ချမှတ်ထားတဲ့အတိုင်း သွားမယ်။ လာမယ့် ကာလမှာ ကျွန်တော်တို့ ဝိုင်းဝိုင်းပြီး ဆောင်ရွက်သွားကြဖို့ လိုတယ်"ဟု ဒေါက်တာအေးမောင်က စစ်တွေမြို့ရှိ နေအိမ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ထားပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) ထူထောင်ရာတွင် ပါဝင်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောသည့် အကြောင်းအရာများကြောင့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် ကနဦးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စွဲဆိုထားသည့်အမှုမှာ မခိုင်လုံသဖြင့် စွပ်စွဲခံရမှုမှ ယခင်ကတည်းက လွတ်မြောက်ခဲ့ကာ အခြားပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒေါက်တာ အေးမောင်သည် ဖမ်းဆီးထိမ်းသိမ်းခံရစဉ်အချိန်က အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော်လည်း ထောင်ဒဏ် ချမှတ်ခံရပြီးနောက် ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က   ဒေါက်တာအေးမောင် အနေဖြင့်  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ) ပါ ပြဋ္ဌဌာန်းချက်နှင့် ငြိစွန်းသဖြင့် စစ်တွေခရိုင်တရားရုံးမှ စီရင်ချက် ချမှတ်သည့် ၂၀၁၉ ခုနှစ်၊ မတ် ၁၉ ရက်မှစ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း၊ ၎င်းင်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က) အရ ယနေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent