ဆန္ဒ

ဆန္ဒ
Photo:ZawZawAung
Photo:ZawZawAung
Published 18 February 2021
မောင်ကြည်

ကောင်းကင်မှာ လမင်းကြီးဟာ ရွှန်းရွှန်းမြမြ သာနေပါတယ်။ လမင်းကြီးကို မော့ကြည့်ပြီး “ဆန္ဒ … ဆန္ဒ” လို့ တဖွဖွရေရွတ်မိတယ်။ တကယ်တော့ ‘လ’ဆိုတာ လူတွေရဲ့ အလိုဆန္ဒအရ ပေါ်ပေါက်လာရတာ မဟုတ်လား။ ကမ္ဘာဦးကာလအစ နေလတွေ မပေါ်သေးခင်မှာ ကမ္ဘာကြီးဟာ လူတွေရဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့ပဲ အလင်းရောင်ရနေခဲ့တယ်။ ဒါပေမဲ့ လူသားတွေရဲ့ လောဘဒေါသတွေ အားကြီးလာတဲ့ အခါမှာတော့ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်သွားကြသတဲ့။ မှောင်အတိကျသွားတဲ့ ကမ္ဘာကြီးမှာ “သူရိယ” လို့ခေါ်တဲ့ နေလုံးကြီး ပထမဆုံး ပေါ်ထွက်လာတယ်။ ဒါပေမဲ့ အဲဒီနေလုံးကြီးဟာ နေ့ဘက်မှာပဲလင်းတာမို့လို့ ညဘက်ရောက်တဲ့အခါ မှောင်မြဲမှောင်နေတုန်းပါပဲ။ အဲဒီအခါ လူသားတွေက “ညဘက်မှာလည်း အရောင်တစ်ခု ပေါ်လာရင် ကောင်းမှာပဲ”လို့ အလိုဆန္ဒ ဖြစ်ကြသတဲ့။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ လူသားတွေရဲ့ အလိုဆန္ဒအတိုင်း ၄၉ ယူဇနာအဝန်းရှိတဲ့ လဗိမာန်ပေါ်လာပါလေရော။ ဆန္ဒအတိုင်း ပေါ်ထွက်လာတာမို့လို့ လူတွေကလကို  “ဆန္ဒ … ဆန္ဒ” လို့ ခေါ်ဝေါ်ကြသတဲ့။ နောက်တော်တော်လေးကြာလာတော့ “ဆန္ဒ  … ဆန္ဒ” ဆိုတဲ့ အခေါ်အဝေါ်ကနေ “စန္ဒ … စန္ဒ”ဆိုပြီး အခေါ်တစ်မျိုး ပြောင်းရွေ့လာသတဲ့။ ဒီယနေ့ခေတ်အထိပဲ လူတွေက လကိုမြင်တိုင်း “လစန္ဒာ … လစန္ဒာ” လို့ ခေါ်နေကြတုန်းပဲ မဟုတ်လား။

လူတွေရဲ့ အလိုဆန္ဒအရ ပေါ်ထွက်လာတဲ့ လမင်းကြီးကိုကြည့်ပြီး “ဆန္ဒ” အကြောင်း ဆက်တွေးနေမိတယ်။ “ဆန္ဒ” ကို အာသာဆန္ဒလို့လည်း သုံးစွဲကြပါသေးတယ်။ အာသာဆိုတာ လိုလားတောင့်တခြင်းကို ပြောတာပါ။ လိုလားတောင့်တခြင်း အာသာဆန္ဒဟာ ထက်သန်ရင် ထက်သန်သလောက် အကျိုးကျေးဇူးရပါတယ်။ အခု ကောင်းကင်ပေါ်ကလကိုပဲ ကြည့်ပါဦး။ လူသားတွေ ထက်ထက်သန်သန် တောင့်တလိုက်တော့ ပေါ်ထွက်လာရတာပဲ မဟုတ်လား။ ဒါကိုကြည့်ခြင်းအားဖြင့် လိုချင်ဆန္ဒထက်သန်ပြင်းပြမှုဟာ အလွန်ပဲ အရေးကြီးတယ်လို့ ပြောရမယ်။ ဘယ်အလုပ်မဆိုဆန္ဒက အရင်ပေါ်လာရတာပဲ မဟုတ်လား။ ဆန္ဒမရှိဘူးဆိုရင် အားထုတ်မှုလုံ့လ ဘယ်မှာရှိနိုင်ပါတော့မလဲ။ ဒါကြောင့် အလုပ်တစ်ခု အောင်မြင်ပြီးမြောက်ဖို့ရာ ဆန္ဒဘယ်လောက် ပြင်းပြထက်သန်သလဲ ဆိုတဲ့အပေါ်မူတည်တယ်လို့ ပြောကြတာပါ။ လိုချင်သလိုလို မလိုချင်သလိုလို မရေမရာ မပြတ်မသား ဖြစ်နေရင် ဆန္ဒပြင်းပြတယ်လို့ မဆိုနိုင်ပါဘူး။ ဒါဆိုရင် အဲဒီလူရဲ့ လုံ့လဝီရိယကလည်း ထက်သန်အားကောင်းမှာ မဟုတ်တာ သေချာပါတယ်။ လုံံ့လမထက်သန်ရင် အလုပ်လည်း ပြီးမြောက်မှာ မဟုတ်တော့လို့ အကျိုးကျေးဇူးလည်း မရနိုင်တော့ပါဘူး။

တကယ်တော့ ဆန္ဒရဲ့ သဘောသဘာဝက လူတိုင်းမှာ မွေးလာကတည်းက ပါလာပြီးသားပါ။ ဆန္ဒအားကြီးသူနဲ့ ဆန္ဒအားနည်းသူပဲ ကွာသွားတာလို့ ပြောရမယ်။ လူသားရယ်လို့ စဖြစ်တည်လာပြီဆိုတာနဲ့ မွေးကင်းစ ကလေးငယ်ဟာ ဆန္ဒအရ ပြုမူလှုပ်ရှားတော့တာပါပဲ။ ကလေးငယ်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ သူအသက်ရှင်သန်ဖို့ဆန္ဒရဲ့ တိုက်တွန်းမှုတွေကို လိုက်လုပ်တော့တာပါပဲ။ သွားချင်၊ လာချင်၊ လုပ်ချင်၊ ကိုင်ချင်၊ စားချင်၊ သောက်ချင်တာတွေဟာဆန္ဒရဲ့ သဘောသဘာဝတွေပဲ မဟုတ်ပါလား။ စာမေးပွဲအောင်ချင်တယ်။ သူဌေးဖြစ်ချင်တယ်။ ပန်းချီဆရာဖြစ်ချင်တယ်။ ရဟန်းဝတ်ချင်တယ်။ ဘုရားဖြစ်ချင်တယ်။ အဲဒီဖြစ်ချင်မှု တွေဟာလည်း ဆန္ဒတွေချည်းပါပဲ။ သို့သော် တကယ်ဖြစ်ချင်တာလား။ ပါးစပ်ပြောသက်သက် ဖြစ်ချင်တာလား ဆိုတာကတော့ ဆန္ဒအားပြင်းမှု၊ အားပျော့မှုအပေါ် မူတည်သွားပါတယ်။ ဥပမာ - စာမေးပွဲအောင်ချင်သူဟာ ပါးစပ်ကနေ “အောင်ချင်တယ် အောင်ချင်တယ်” ပြောနေလို့ မရပါဘူး။ ဆန္ဒအားကြီးကြီးနဲ့ လုံ့လဝီရိယ ထက်ထက်သန်သန် ကြိုးစားပါမှ စာမေးပွဲ တကယ်အောင်သလိုမျိုးပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် တကယ် လုံ့လဝီရိယစိုက်မှသာ တကယ်ဆန္ဒအားကြီးတယ်လို့ ပြောလို့ရပါမယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “ကိုယ်ကျင့်အဘိဓမ္မာ” ကျမ်းစာအုပ်ထဲမှာ ဆန္ဒနဲ့ပတ်သက်ပြီး ရေးသားတဲ့အခါ “ယခုကာလ လူ့ဘက်ရှင်ဘက်၌ အထက်တန်းရောက်နေကြသူတို့သည် ဘုန်းနှင့်သမ္ဘာ ထပ်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ဝီရိယစိုက်ထားသူတွေသာ များပေသည်။ ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ ဒုလဘကို ရှေးကံကောင်းထောက်မ၍ ရကြပြီးဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒကင်း၍ အဖျင်းအအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန်ဘဝနှင့် မခြားရတော့ကား မိမိကိုယ်ကို ယခုဘဝလည်း အထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကြပါကုန်”လို့ နှိုးဆော် တိုက်တွန်းထားပါတယ်။ ဒါကြောင့် သာမန်ဆန္ဒလောက်နဲ့လည်း အလုပ်မဖြစ်နိုင်ပါဘူး။ မိမိတို့ အလိုရှိတဲ့ ရည်မှန်းချက်ကို ဆိုက်ရောက်ဖို့ဆိုရင် ပြင်းပြထက်သန်တဲ့ ဆန္ဒနဲ့အညီ လုံ့လဝီရိယလည်း ပူးတွဲလိုက်ပါမှ ဖြစ်ပေလိမ့်မယ်။

ဆန္ဒဆိုတဲ့ နေရာမှာလည်း သာမန်စားချင်သောက်ချင်တဲ့ ဆန္ဒအသေးစားကနေ ဘုရားဖြစ်ချင်တဲ့ ဆန္ဒအကြီးစားအထိ အပျော့အပြင်း ကွာခြားသွားပါတယ်။ ဒီနေရာမှာ ဘုရားဖြစ်ချင်တဲ့ ဆန္ဒမျိုးကတော့ သာမန်လိုချင်မှု မဟုတ်တော့ပါဘူး။ မရမက၊ မရမနေ လိုချင်တာမို့လို့ အပြင်းပြ အထက်သန်ဆုံး ဆန္ဒလို့တောင် ပြောချင်ပါတယ်။ ဗုဒ္ဓမြတ်စွာဟောတော်မူတဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းတရားတော်မှာ အဓိပတိပစ္စည်းဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆိုပါ အဓိပတိပစ္စည်းထဲမှာဆန္ဒကို အဓိပတိတပ်လိုက်ပြီဆိုရင် “အို ဆန္ဒရှိရင် ဘာမဖြစ်ဘဲရှိရမလဲ။ ဆန္ဒရှိရင် ဖြစ်ရမှာပေါ့”ဆိုတဲ့ ယုံကြည်ချက် ခိုင်မာလာပါတယ်။ အဲဒီအခါ ဆန္ဒအလိုအတိုင်း လုံ့လဝီရိယပါ ထက်သန်အားကောင်း လာပါတော့တယ်။ အထင်ရှားဆုံး ဥပမာအဖြစ် ဂေါတမဘုရားအလောင်းကိုပဲကြည့်ပါ။ ဘုရားမဖြစ်ခင် ဦးစွာဘုရားဖြစ်ချင်တဲ့ ဆန္ဒတော်ထက်သန်လာပါတယ်။ တစ်စုံတစ်ယောက်က”အလျှံတောက်နေတဲ့ မီးကျီးခဲတွေ အပြည့်ဖြန့်ခင်းထားတဲ့ စကြဝဠာ တောင်ဘက်စွန်းကနေ မြောက်ဘက်စွန်းအထိ သွားနိုင်လို့ရှိရင် ဘုရားဖြစ်မယ်”လို့များ ပြောလာခဲ့ရင် ဘုရားအလောင်းဟာ မဆိုင်းမတွ ချက်ချင်းကိုပဲ အဲဒီမီးကျီးခဲတွေကို နင်းလျှောက်ပြီး သွားချင်ပါသတဲ့။ အဲဒီလောက်အထိ ဆန္ဒတော် ပြင်းပြထက်သန်ပါတယ်။ ဒါကြောင့်လည်း ဘုရားအလောင်းဟာ ဆန္ဒတော်အတိုင်း ပါရမီတွေဖြည့်ကျင့်ကာ ဘုရားဖြစ်လာခဲ့ပါတယ်။

ဆန္ဒဆိုရာမှာလည်း ကောင်းသောဆန္ဒ၊ မကောင်းသောဆန္ဒဆိုပြီး ရှိပါသေးတယ်။ ကောင်းသောဆန္ဒနဲ့ ပတ်သက်ပြီး ဗုဒ္ဒကျမ်းစာတွေထဲမှာ ကောင်းသောဆန္ဒသုံးပါး (၀ါ) ၀ိတက်ကောင်းသုံးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၀ိတက်ကောင်းသုံးပါးဟာ သမ္မာသင်္ကပ္ပသုံးပါးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒါတွေကတော့ (၁) နေက္ခမ သင်္ကပ္ပ - ကာမ ဂုဏ်တရားတို့မှ ထွက်မြောက်မှုကို ကြံစည်စိတ်ကူးခြင်း။ (၂) အဗျာပါဒ သင်္ကပ္ပ - သတ္တဝါများ ကျန်းမာရေး၊ ချမ်းသာရေး၊ ဘေးရန် ကင်းရေးတို့အတွက် ကြံစည်စိတ်ကူးခြင်း။ (၃) အဝိဟိံသာ သင်္ကပ္ပ - ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါများကို သနားသောစိတ်ဖြင့် ကယ်ဆယ်မြှင့်တင်ဖို့ရာ ကြံစည်စိတ်ကူးခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီဆန္ဒသုံးပါးဟာ အများအကျိုးဆောင်လိုတဲ့ ပရဟိတသမားတွေ၊ ပညာရှိ သူတော်ကောင်းတွေမှာ ဖြစ်ပေါ်တတ်တဲ့ ဆန္ဒသုံးပါးလို့ ပြောလို့ရပါတယ်။ ပထမဦးစွာ မိမိမှာရှိနေတာ ကောင်းတဲ့ဆန္ဒလား၊ မကောင်းတဲ့ဆန္ဒလား ခွဲခြားရပါလိမ့်မယ်။ မကောင်းတဲ့ဆန္ဒ ဖြစ်နေရင် ကောင်းတဲ့ဆန္ဒအဖြစ် ပြောင်းလဲလိုက်ပါ။ ကောင်းတဲ့ဆန္ဒ ဖြစ်လာရင်လည်း ဘယ်လောက် အတိုင်းအတာထိ ထက်သန်အားကောင်းသလဲ ဆန်းစစ်ရပါလိမ့်မယ်။ ပြီးရင်တော့ ဆန္ဒအသေးစားကနေ ဆန္ဒအကြီးစားဖြစ်အောင် ထူထောင်ရပါလိမ့်မယ်။ အဓိကကတော့ တစ်နေ့ထက်တစ်နေ့ မိမိဆန္ဒ ခိုင်မာထက်သန်လာအောင် လေ့ကျင့်သွားဖို့ပါပဲ။

မည်သို့ဆိုစေ “ဆန္ဒဝတော ကိံနာမ နသိဇ္ဈတိ = ဆန္ဒရှိသူမှာ မပြီးနိုင်သော အရာမရှိ” လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့အတိုင်း မိမိတို့လိုချင်တဲ့ ပန်းတိုင်ကိုလှမ်းကိုင်နိုင်အောင် ဆန္ဒပြင်းပြထက်သန်နိုင်ကြပါစေ။ ။

 

ကိုးကား -        အရှင်ဇနကာဘိဝံသ

                   ( ကိုယ်ကျင့်အဘိဓမ္မာ)

                   အရှင်ဇနကာဘိဝံသ

                   ( အခြေပြုပဋ္ဌာန်းတရားတော်)