မြန်မာ ယူ-၂၂ တောင်ပံကစားသမား ဟိန်းထက်အောင်ကို မလေးရှားကလပ် ဆီလန်ဂေါအသင်း မိတ်ဆက်ခဲ့ပြီး ၂၀၂၃ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထား

မြန်မာ ယူ-၂၂ တောင်ပံကစားသမား ဟိန်းထက်အောင်ကို မလေးရှားကလပ် ဆီလန်ဂေါအသင်း မိတ်ဆက်ခဲ့ပြီး ၂၀၂၃ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထား
Photo: Selagor FC
Photo: Selagor FC
Published 14 February 2021

 

မလေးရှားကလပ် ဆီလန်ဂေါအသင်းသည် မြန်မာ ယူ-၂၂ တောင်ပံကစားသမား ဟိန်းထက်အောင်ကို မိတ်ဆက်ခဲ့ပြီး ၂၀၂၃ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

ဆီလန်ဂေါအသင်းသည် ဟိန်းထက် အောင်ကို ပြီးခဲ့သည့်ရက်ပိုင်းက တရားဝင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုထားသည်။ ဆီလန်ဂေါအသင်းသည် ဟိန်းထက်အောင်အား ပထမဆုံးရာသီတွင် ဆီလန်ဂေါ II အသင်း၌ အသုံးပြုမည်ဖြစ်ပြီး ၎င်း၏စွမ်းဆောင်ရည်နှင့် ခြေစွမ်းအပေါ် မူတည်၍ မလေးရှားနိုင်ငံ၏ အဆင့်မြင့်ဆုံးလိဂ်ဖြစ်သည့် မလေးရှားစူပါလိဂ်ကလပ် ဆီလန်ဂေါစီနီယာအသင်းသို့ ခေါ်ဆောင်မည် ဖြစ်သည်။ 

ဆီလန်ဂေါ II အသင်းသည် မလေးရှားနိုင်ငံ၏ ပထမတန်းလိဂ်ပြိုင်ပွဲဖြစ်သော မလေးရှားပရီးမီးယားလိဂ်တွင် ကစားနေသည့်အသင်းဖြစ်ပြီး မလေးရှားထိပ်သီးကလပ်များမှာ အသင်းနှစ်သင်းဖွဲ့စည်း၍ (ခ) အသင်းများကို ပထမတန်းတွင် ယှဉ်ပြိုင် စေခြင်းဖြစ်သည်။ ဟိန်းထက်အောင်သည် ယင်းအသင်းသို့ ပြောင်းရွှေ့ရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက သဘောတူညီမှုရခဲ့ပြီး ဇန်နဝါရီတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။ ဟိန်းထက်အောင်သည် ဆီလန် ဂေါ II အသင်းတွင် နံပါတ် ၁၀ ဝတ်ဆင်ကစားမည်ဖြစ်ပြီး ၎င်း၏ကစားသမားဘဝတွင် ပထမဆုံးအကြိမ် ပြည်ပကလပ်အသင်း၌ သွားရောက်ကစားခြင်းဖြစ်သည်။

ဟိန်းထက်အောင်သည် မြန်မာဘောလုံး အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို MNL ကလပ် ဟံသာဝတီအသင်းတွင် စတင်ခဲ့သည်။ ဟိန်းထက်အောင်သည် ၂၀၁၈ ရာသီမှ ၂၀၂၀ ရာသီအထိ ဟံသာဝတီအသင်းတွင် ကစားခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် ခြေစွမ်းပြကစားနိုင်သောကြောင့် မလေးရှားကလပ် ဆီလန်ဂေါအသင်းသို့ ပြောင်းရွှေ့ခွင့် ရခဲ့ခြင်းဖြစ်သည်။ ဟိန်းထက်အောင်သည် မြန်မာ ယူ-၂၂ လက်ရွေးစင်ကစားသမား တစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရရန် ကြိုးပမ်းနေသူဖြစ်သည်။

ဆီလန်ဂေါအသင်းသည် နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိသည့် ကလပ်အသင်းတစ်သင်းဖြစ်ပြီး ဆီလန်ဂေါ II အသင်းကိုမူ ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဆီလန်ဂေါ II အသင်းတွင် ဟိန်းထက်အောင် အပါအဝင် နိုင်ငံခြားသားကစားသမားလေးဦး ပါဝင်ကစားမည်ဖြစ်ပြီး ဂါနာနှစ်ဦးနှင့် စင်ကာပူကစားသမားတစ်ဦး ခေါ်ယူထားသည်။ မလေးရှားပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖေဖော် ၀ါရီ ၂၇ ရက်တွင် စတင်မည်ဖြစ်ပြီး ဟိန်းထက် အောင်အနေဖြင့် ဆီလန်ဂေါ II အသင်းနှင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 

ဟိန်းထက်အောင်သည် ၂၀၁၄ ခုနှစ် တွင် ပီရတ်အသင်း၌ ကစားခဲ့သည့် ကျော်ဇေယျာဝင်းနောက်ပိုင်း မလေးရှားကလပ်၌ ကစားခွင့်ရသည့် မြန်မာကစားသမားဖြစ်လာသည်။ မြန်မာကစားသမားများမှာ ထိုင်း ကလပ်များသို့ သွားရောက်ကစားလျက်ရှိ လည်း ဟိန်းထက်အောင်မှာမူ မလေးရှားကလပ် ဆီလန်ဂေါအသင်းသို့ ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်ပြီး ဟံသာဝတီအသင်းနှင့် စာချုပ် ပြည့်သွားသဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent