၁၀ နှစ်ကြာ ပဋိပက္ခကြောင့် ဆင်းရဲတွင်းနက်နေသောလစ်ဗျား

၁၀ နှစ်ကြာ ပဋိပက္ခကြောင့် ဆင်းရဲတွင်းနက်နေသောလစ်ဗျား
Photo:AFP
Photo:AFP
Published 13 February 2021

အာဖရိကတိုက်တွင် ရေနံအကြွယ်ဝဆုံးနိုင်ငံဖြစ်ပြီး လူဦးရေခုနစ်သန်းသာနေထိုင်သည့် လစ်ဗျားနိုင်ငံသည် ဆယ်စုနှစ်တစ်ခုကြာ သွေးလွှမ်းသောပဋိပက္ခကြောင့် စီးပွားရေးပြိုလဲခဲ့ပြီး ပြည်သူများမှာလည်း ဆင်းရဲတွင်းနက်နေကြသည်။

တစ်ချိန်တစ်ခါက အာဖရိကတိုက်တွင် နိုင်ငံသားတစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးရရှိခဲ့သည့် နိုင်ငံများတွင်ပါဝင်ခဲ့ဖူးသော လစ်ဗျားသည် လက်ရှိတွင် ဒိုင်နာငွေကြေးပြိုလဲမှု၊ ကုန်စျေးနှုန်း တစ်ဟုန်ထိုးမြင့်တက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် လောင်စာဆီရှားပါးနေမှုများအပြင် နိုင်ငံအတွင်း သောက်ရေသန့်ရှားပါးမှုများပင် ဖြစ်ပွားနေသည်။

မကြာသေးမီနှစ်များအတွင်း လစ်ဗျားနိုင်ငံစီးပွားရေးကျဆင်းခဲ့ခြင်းက နိုင်ငံကိုအကြမ်းဖက် ဝရုန်းသုန်းကားအခြေအနေတွင်းသို့ သက်ဆင်းစေခဲ့သလို နိုင်ငံရေးအခြေအနေမတည်ငြိမ်ခြင်းကြောင့် ပြိုင်ဘက်နိုင်ငံရေးအစိုးရအဖွဲ့နှစ်ဖွဲ့ (စစ်ဘုရင် ခါလီဖာဟက်ဖ်တာဦးဆောင်သောအစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအဖွဲ့ ) ကွဲခဲ့ကာ နိုင်ငံအတွင်းလက်နက်ကိုင်တပ်ဖွဲ့များ မရေမတွက်နိုင်အောင် များပြားလာခဲ့သည်။

ပျက်ပြယ်လွယ်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အောက်တိုဘာလတွင် ရရှိခဲ့ပြီးနောက်ပိုင်း လစ်ဗျား၌ သေနတ်သံအများစု တိတ်ဆိတ်သွားခဲ့သော်လည်း ယနေ့အချိန်တွင်မူ ဆာတီကမ်းရိုးတန်းမြို့မှ နိုင်ငံ၏ရေနံသတ္တုသိုက် ၉၀ ရာခိုင်နှုန်းတည်ရှိရာ ရေနံလခြမ်းဒေသဟု တင်စားကြသည့် (Oil Crescent) ဒေသအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တိုက်ပွဲများအရှိန်မြင့်တက်ခဲ့ပြီးနောက် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများလည်း ဖြစ်ပွားလာခဲ့ရာ ယခင်ကတည်းက ထိုးစိုက်ကျဆင်းနေပြီးဖြစ်သော လစ်ဗျားစီးပွားရေးမှာ ပြီးခဲ့သည့်နှစ်တွင် ၆၆.၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ပဏာမခန့် မှန်းချက်များတွင် ဖော်ပြထားသည်။

နေ့စဉ် လူမှုဘဝလုံခြုံရေးမသေချာမှုအပြင် စီးပွားရေးအကျပ်အတည်းက လစ်ဗျားပြည်သူများကို သွေးတိုးစမ်းသကဲ့သို့ ရှိနေသည်။

“တော်လှန်ရေးတွေစခဲ့တဲ့ နောက်ပိုင်းနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့အခြေအနေက ကျွန်တော်တို့ကို ထိတ်လန့်တုန်လှုပ်စေပါတယ်။ လစ်ဗျားနိုင်ငံသားတွေဆီမှာ လက်နက်တွေအများအပြားရှိနေကြတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဥပဒေတွေကိုလေးစားလိုက်နာမှုမရှိကြဘူး။ ကျွန်တော့်လို ကလေးငါးယောက်ဖခင်တစ်ဦးအတွက် ကောင်းကောင်းမွန်မွန်နေထိုင်စားသောက်နိုင်ဖို့ ငွေစုဆောင်းရတာက ပိုပိုပြီးခက်ခဲလာခဲ့ပါတယ်”ဟု ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းအလုပ်ရှာရန် မာလီနိုင်ငံမှလစ်ဗျားသို့ ဝင်ရောက်နေထိုင်ခဲ့သည့် အသက် ၆၂ နှစ်အရွယ် အမျိုးသား မာမူဒူအာရာအိုရီကဆိုသည်။

ပြီးခဲ့သည့်နှစ်ဇန်နဝါရီတွင် လစ်ဗျားစစ်ဘုရင် ခါလီဖါဟက်ဖ်တာကို သစ္စာခံသော လက်နက်ကိုင်တပ်ဖွဲ့များက ရေနံထုတ်ယူသည့် အဓိကနယ်မြေများကို ပိတ်ဆို့ဝန်းရံခဲ့ကြပြီး ထရီပိုလီတွင်ရှိသော ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအဖွဲ့ (GNA) က စီမံခန့်ခွဲနေသော ဟိုက်ဒရိုကာဗွန်မှရရှိသည့် ဝင်ငွေခွန်များကို ၎င်းတို့အား ဝေစုကြီးကြီးမားမား ခွဲဝေပေးရန် တောင်းဆိုခဲ့ကြသည်။

အချက်အချာကျသောနေရာအား ထိန်းချုပ်ထားမှုကို ရုပ်သိမ်းရန် ဟက်ဖ်တာသဘောမတူမီ ကိုးလအတွင်း လစ်ဗျား၌ ရေနံထုတ်လုပ်မှုသည် တစ်နေ့လျှင် ရေနံစည် ၁၀၀,၀၀၀ သို့ ကျဆင်းခဲ့ပြီး ယင်းမတိုင်မီက တစ်နေ့လျှင်ရေနံစည် ၁.၂ သန်းအထိ ထုတ်ယူခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားခြင်း၊ ရေနံနယ်မြေများကို ပိတ်ဆို့ထားခြင်းသည် အဓိကရုဏ်းများဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးနိုင်ငံရေးအခြေအနေ၊ အဆိုးရွားဆုံး စီးပွားရေးအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများကို ခေါ်ဆောင်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

လစ်ဗျားတွင် လူ ၈၀၀,၀၀၀ ကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်နေသည်ဟု ခန့်မှန်းရကြောင်း၊ အကူအညီလိုအပ်နေသည့် ကဏ္ဍများထဲတွင် ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးတို့အပြင် အခြေခံလူသုံးကုန်ပစ္စည်းများ၊ တည်းခိုနေထိုင်ရန်အခန်းများ၊ စားနပ်ရိက္ခာများထောက်ပံ့ခြင်းတို့ ပါဝင်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သေဆုံးခဲ့ရသည့် လစ်ဗျားပြည်သူအရေအတွက် အလွန်များပြားခဲ့ကြောင်း ထရီပိုလီရှိ စာသင်ကျောင်းတစ်ကျောင်းမှ အတွင်းရေးမှူးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဆာလီဖာယူနိစ်က ဆိုသည်။

“ပြည်သူတွေ ဒေါသထွက်နေကြပြီးတော့ မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ ရေနံကြွယ်ဝတဲ့နိုင်ငံမှာ ပြည်သူတွေ ဆင်းရဲတွင်းနက်နေတယ်။ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ဆက်နေကြရတယ်။ ဒါဟာ မတရားပါဘူး။ ကြီးမားတဲ့ ဖြုန်းတီးမှုတစ်ခုပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

ရေနံထုတ်လုပ်မှုသည် လစ်ဗျားနိုင်ငံ၏ အဓိကအရေးပါသော လုပ်ငန်းအဖြစ် ကာလရှည်ကြာရှိခဲ့ပြီး လစ်ဗျား၏ရေနံသည် နိုင်ဂျီးရီးယားနှင့်အယ်ဂျီးရီးယားတို့မှ ထွက်သော ရေနံအရည်အသွေးထက် သာလွန်သည်။ ရေနံထုတ်လုပ်မှုကဏ္ဍသည် ပုံမှန်အားဖြင့်လစ်ဗျားတွင် စီးပွားရေးလုပ်ဆောင်မှု၏ ၆၀ ရာခိုင်နှုန်းအထိကို ကိုယ်စားပြုနေပြီး လစ်ဗျား၏ပို့ကုန်တင်ပို့မှုမှရရှိသော ဘဏ္ဍာငွေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းသည် ရေနံတင်ပို့မှုမှ ရရှိခြင်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် ကဒါဖီအာဏာသိမ်းယူခဲ့ပြီး ၎င်း၏ အာရပ်ဆိုရှယ်လစ်ပါတီအစိုးရအဖွဲ့က လျင်လျင်မြန်မြန်ဖြင့် နိုင်ငံရေးအာဏာကို ဗဟိုမှချုပ်ကိုင်ခဲ့ကာ စီးပွားရေးလုပ်ငန်းအတော်များများကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။

စစ်သွေးကြွအဖွဲ့များနှင့်အကြမ်းဖက် တိုက်ခိုက်မှုများကိုထောက်ပံ့ခြင်း၊ နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်ရာတွင် လိုအပ်သော ယူရေနီယံနှင့် ဓာတုလက်နက်များကို သိမ်းဆည်းသိုလှောင်ခြင်းတို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းက လစ်ဗျားကိုစီးပွားရေးပိတ်ဆို့များ လုပ်ဆောင်ခဲ့သည်။

သို့သော် ကဒါဖီ၏အစိုးရအဖွဲ့သည် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို တဖြည်းဖြည်းလုပ်ဆောင်ခဲ့ပြီး ဓာတုလက်နက်များကို စွန့်လွှတ်ခဲ့သည့်အတွက် ကုလသမဂ္ဂက ၁၉၉၉ ခုနှစ်မှစ၍ ၎င်း၏ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့ရာ လစ်ဗျား၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ထွန်းတိုးတက်ခဲ့သည်။

သို့သော် လစ်ဗျား၏စီးပွားရေးတိုးတက်မှုသည် တစ်ခဏသာ တည်မြဲခဲ့သည်။ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးတွင် နေတိုးလေကြောင်းစစ်ဆင်ရေး အထောက်အပံ့ပြု အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြင်းထန်သောတိုက်ပွဲများ အတောမသတ်နိုင်ဖြစ်ပွားခဲ့သည်။

ထိုအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက လစ်ဗျား၌ရင်းနှီးမြှုပ်နှံထားမှုများကို အလျင်အမြန်ရုပ်သိမ်းခဲ့ကြပြီး အနောက်နိုင်ငံများနှင့်ကဒါဖီငြိမ်းချမ်းရေးယူခဲ့သည့်ကာလအတွင်း အစပြုခဲ့သောဆောက်လုပ်ရေးစီမံကိန်း ရာပေါင်းများစွာမှာ ချောင်ထိုးခံခဲ့ရသည်။

မကြာသေးမီက GNA အဖွဲ့၏ တွက်ချက်ထားမှုများအရ ၂၀၂၁ ခုနှစ်တွင် လစ်ဗျား၌ငွေကြေးဖောင်းပွမှုသည် အခြေခံစားသောက်ကုန် ၇၀ ရာခိုင်နှုန်း၏စျေးနှုန်းကို တစ်ဟုန်ထိုးမြင့်တက်စေခဲ့သည်။

“ကုန်စျေးနှုန်းတွေက ဆက်လက်မြင့်တက်နေပါတယ်။ ဗဟိုဘဏ်တွေကလည်း ငွေပေါ်လွယ်မှုမရှိကြဘူး။ မှောင်ခိုစျေးကွက်မှာ ဒိုင်နာငွေကြးနဲ့ ဒေါ်လာငွေကြေးတန်ဖိုးကွာဟချက်က သိသိသာသာကိုမြင့်မားနေပါတယ်” ဟု လစ်ဗျားဘောဂဗေဒပညာရှင် မန်ဆော်ရီက ပြောကြားခဲ့သည်။