ကတ္တရာလမ်းမပေါ်မှ လက်ပံတစ်ပွင့်မှသည် ...

ကတ္တရာလမ်းမပေါ်မှ လက်ပံတစ်ပွင့်မှသည် ...
Photo:Streemit
Photo:Streemit
Published 13 February 2021
ထူး (Glory)

ရဲရဲနီစွေးနေသော လက်ပံပွင့်တစ်ပွင့်သည် ဆက်ရက်ငှက်တစ်ကောင်၏ ပရောဂကြောင့် ကတ္တရာလမ်းမအထက်သို့ ဘုတ်ခနဲကြွေကျလာ၏။ အကြွေစောခြင်းဟူလော မပြောတတ်။ ကြွေကျလျှင် ကြွေကျလာချင်းမှာပင် အရှိန်ဖြင့်မောင်းလာသော ကားတစ်စီးက ချိန်သားကိုက် ဖြတ်ကြိတ်သွား၏။ မြေပြင်အရောက်တွင် ခုန်ပေါက်ခွင့် မရရှာလေသော ထိုလက်ပံပွင့်ကလေးသည် မြင်ကွင်းရှေ့မှာပင် စိစိညက်ကျေသွားသည်။ အခုပွင့်၊ အခု‌ဝေ၊ အခုကြွေ၊ အခုသေ။  ဘဝသည် တိုလှ၏တကားဟု တွေးမိနေစဉ်မှာပင် နောက်ထပ်လက်ပံပွင့်တစ်ပွင့် ကြွေကျလာပြန်၏။ ထိုအပွင့်ကား ကတ္တရာလမ်းမပေါ်သို့မကျဘဲ လမ်းမ၏ဘေး သစ်ရွက်ခြောက်များကြားထဲသို့ကျသွားသည်။ သူ့ကိုကား အကြွေလှသည်ဟု ဆို၍ရသည်။ ဤတွင် စဉ်းစားမိသည်က ကြွေခြင်းမှာပင် အကြွေဆိုးနှင့်ကြွေရခြင်းနှင့် အကြွေလှစွာကြွေရခြင်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ အချို့ကား အကြွေဆိုး၏။ ကြွေရခြင်း၌ပင် ထပ်မံကြွေရပြန်၏။ အချို့ကား အကြွေလှ၏။ ဖော့ဖော့ကလေးကြွေပြ သွားပုံမျိုးကလွှတ်လှ၏။

လက်ပံပွင့်အကြွေကလေးများကိုကြည့်၍ ကျွန်တော်တို့လည်း တစ်နေ့ကြွေကြရမည်ဟု တွေးဖူးသူတို့ တွေးဖူးကြပေလိမ့်မည်။ တွေးဖူးချင်မှလည်း တွေးဖူးကြမည်။ တရားထူးတရားမြတ်တစ်ခုမဟုတ်သော်လည်း ကျွန်‌တော်တွေးဖူးသည်။ ရနံ့မွေးမြခြင်း သိပ်မထင်ရှားသော်လည်း လက်ပံပွင့်များ၏အရောင်အဆင်းရဲရင့်မှုကို ကျွန်တော်ကြိုက်သည်။ ထိုလက်ပံပွင့်များသည် ကျွန်တော်တို့ကို မမြဲခြင်းတရားအကြောင်း ဟောနေသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့သည် လက်ပံပွင့်များနှင့်မတူ။ အကြာကြီး ပွင့်ချင်သည်။ အကြာကြီး ဝေချင်သည်။ ကြွေသည့်အခါတွင်လည်း လေထဲမှရသလောက်နေချင်သေးသည်။ အချိန်တန်၍ ဖူးလာရခြင်း၊ ပွင့်လာရခြင်း၊ ဝေလာရခြင်းကို ကျွန်တော်တို့လက်ခံကြသော်လည်း အချိန်မတန်ဘဲ ကြွေလျှင်တော့ ကျွန်တော်တို့ လက်ခံလေ့မရှိကြပါ။ သဘာဝတရားကို လက်ခံကြသော်လည်း အဖျက်အမှောင့်ကို လက်မခံကြသည့် သဘောပင်။ အခုနက ကြွေသွားသော လက်ပံပွင့်နှစ်ပွင့်ကိုသာ ရှုပါလေ။ ဆက်ရက်ငှက်၏ ပယောဂကြောင့် ကြွေသွားရရှာသော လက်ပံပွင့်၏အဖြစ်ကိုကြည့်၍ စိတ်မကောင်းဖြစ်မိသော်လည်း အချိန်တန်၍ကြွေရသော လက်ပံပွင့်၏အဖြစ်ကိုတော့ သဘာဝတရားဟုသာ လက်ခံမိသည်။ ဤသည်မှာ ဘက်လိုက်ခြင်းမဟုတ်။ အမှန်တရားကို လက်ခံခြင်းသာဖြစ်သည်။

ယခုရက်ပိုင်းအတွင်း လက်ပံပွင့်များ အကြွေဆက်လာသည်။ စောစောတုန်းက လက်ပံပွင့်များသည် တစ်ပွင့်နှင့် တစ်ပွင့် အချိန်အနည်းငယ်ခွာ၍ ကြွေတတ်ကြသော်လည်း ယခု တစ်ပွင့်ပြီးတစ်ပွင့် ကြွေကျလာကြသည်။ တစ်ခါတစ်ခါ ပွင့်ပြိုင်ကြွေကြသည်။ သူတို့သည် ကြွေရခြင်းကိုပင်ပျော်နေကြသယောင်ထင်ရသည်။ အချိန်တန်တော့လည်း ကြွေကြရမည်မှာ ဓမ္မတာဆိုသည်ကို သူတို့သိရှိလက်ခံထားသယောင်။ လက်ပံပွင့်တွေ တဖြုတ်ဖြုတ်ကြွေနေကြသော်လည်း လက်ပံပင်ကြီးကတော့ တည်ငြိမ်လွန်းလှသည်။  “အချိန်တန်လျှင်”ဆိုသည့် သဘောတရားကို လက်ခံထား၍လား။ သို့တည်းမဟုတ် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါး တရားတော်ကို နာကြားထား၍လား။ မပြောတတ်။ အလွန်တည်ငြိမ်လွန်းလှပုံက အံ့သြဖွယ်ပင်။ သူ့နေရာတွင် လူတို့ဆိုလျှင် ငိုကြွေး၍ဆုံးမည်မဟုတ်။ နှမြောတသ၍ ဆုံးမည်မဟုတ်။ လူတို့သည် “အချိန်တန်လျှင်”ဆိုသည့် သဘောတရားကို သိရှိကြသော်လည်း အမှန်တကယ် အချိန်တန်လာသောအခါ တည်ငြိမ်မှုပျက်ပြားကာ အရူးမီးဝိုင်းဖြစ်လေ့ရှိကြသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသောတရားကို လူတို့အမြဲနာကြားရလေ့ရှိသော်လည်း ကြွေရခြင်းနှင့်တွေ့ကြုံလာရသောအခါ လက်ပံပင်ကြီးကဲ့သို့ တည်ငြိမ်ခြင်းငှာ မစွမ်းသာတော့။

လက်ပံပင်ကြီးအောက်မှနေ၍ ပေါက်ပင်အုပ်တန်းကို လှမ်းကြည့်မိသည်။ ပေါက်ပင်များ၏ ခေါင်းတို့မှာလည်း ပေါက်ပန်းပွင့်များဝေနေသည်။ အရောင်ကား လက်ပံပွင့်များကဲ့သို့ ရဲရဲနီစွေးနေသော အရောင်များမဟုတ်။ အနီရောင်နည်းနည်းတွင် အဝါရောင်ကဲနေသော အရောင်ကလေးများပင်။ အုပ်စုလိုက်ဖွဲ့၍ အဆုပ်လိုက်အခိုင်လိုက် ပွင့်တတ်ကြသည်။ နွေဦး၏အလှကို ၀ိုင်းဝန်းခြယ်သူများထဲတွင် ပေါက်ပန်းတို့လည်း ပါသည်။ ရှေးစာဆိုတို့က ပေါက်ပန်းကိုရနံ့မရှိသောကြောင့် အဆင်းသာရှိ၍ အချင်းမရှိသူများဟု ခေါ်ဝေါ်သမုတ်လေ့ရှိကြသော်လည်း ကျွန်တော်သည် ပေါက်ပန်းကိုချစ်သည်။ ပေါက်ပန်းသည် မွေးပျံ့သောရနံ့ကို မပေးသော်လည်း သူ့ရနံ့နှင့်သူတော့ ရှိပါသည်။ သူ့ရနံ့နှင့်သူတော့ မွှေးပါသည်။ သူ့ပုံစံနှင့်သူတော့ ချစ်စရာကောင်းပါသည်။ ပန်းညံ့ဟူ၍ မပြောဆိုသင့်ဟု ကျွန်တော်ထင်ပါသည်။ ပန်းတိုင်းတွင် သူ့ရနံ့နှင့်သူ ရှိတတ်ကြသည်သာ။ စံပယ်ပန်းသည် စံပယ်ပန်းရနံ့ကို ပေးတတ်သကဲ့သို့ ပေါက်ပန်းသည်လည်း ပေါက်ပန်းရနံ့ကိုသာ ပေးပါလိမ့်မည်။ မွေးပျံ့သောရနံ့မရှိ၍ ပန်းညံ့ (အသုံးမဝင်သောပန်း) ဟု ဆိုခြင်းမှာ ပညာသင်ဆုမရသောကလေးကို လူညံ့ (အသုံးမဝင်သောကျောင်းသား) ဟု ဆိုခြင်းနှင့် တူသည်။ ပေါက်ပန်းသည် ပန်းများထဲကပန်း တစ်မျိုးပင်ဖြစ်၍ ပန်းညံ့တစ်မျိုး မဟုတ်ဟု ကျွန်တော် ယုံကြည်ပါသည်။

ကျွန်တော်တို့ ငယ်ငယ်က လက်ပံပွင့်ကောက်သော ဓလေ့ရှိခဲ့ဖူးပါသည်။ ပွင့်ဖတ်များကိုခြွေ၍ အခြောက်လှန်းထားကာ လက်ပံပွင့်ချဉ်ရည်ချက်စားရန်အတွက် လူကြီးများက အကောက်ခိုင်းခြင်းဖြစ်သည်။ လူကြီးများက အလုပ်သဘောအရ ခိုင်းသော်လည်း ကျွန်တော်တို့က အပျော်သဘောအဖြစ် ကောက်ခဲ့ကြပါသည်။ အဖွဲ့လိုက်သွားကောက်ရသည် ဖြစ်၍အလွန်ပျော်စရာကောင်းပါသည်။ လက်ပံပွင့်ကောက်ဟုဆိုသော်လည်း ကျွန်တော်တို့သည် ပေါက်ပင်များအောက်သို့လည်း ရောက်တတ်ကြပါသည်။ လက်ပံပွင့်များတောင်းနှင့် အပြည့်ရသောအခါ ပေါက်ပွင့်များသွားကောက်ကြသည်။ လက်ဖက်ခြောက်အဖြစ် ရေနွေးကျိုသောက်ပါက ကျန်းမာရေးကောင်းသည်ဟု လူကြီးများက ပြောကြသော်လည်း ကျွန်တော်တို့က သူတို့အတွက်ကောက်ခြင်းမဟုတ်။ ကျွန်တော်တို့ ဆော့ဖို့အတွက်သာကောက်ခြင်းဖြစ်သည်။

ပေါက်ပွင့်များ ပုဆိုးနှင့်တစ်ထုပ်ခန့်ရသောအခါ ကျွန်တော်တို့သည် လက်ပံပင်ကြီးအောက်တွင် အမှိုက်များကို ဝင်းပြောင်နေအောင် တက်ညီလက်ညီ လှဲကျင်းကြသည်။ တလင်းကဲ့သို့ ဝင်းပြောင်သွားသောအခါ ကိုယ်စီကောက်လာကြသော ပေါက်ပွင့်များကို စီကြသည်။ ပေါက်ပွင့်များဖြင့် ရုပ်ပုံဖော်ကြသည်။အိမ်ဆောက်ကြသည်။ မြစ်၊ ချောင်း၊ အင်းအိုင်၊တောင်တန်းပုံများ လုပ်ကြသည်။ ငှက်ရုပ်၊ လူရုပ်မှသည် ဆင်ရုပ်မြင်းရုပ်အထိ လုပ်ကြသည်။ ပေါက်ပွင့်များပွင့်တိုင်း ကျွန်တော် အထူးသတိရမိသည်က ကျွန်တော့်သူငယ်ချင်း လုပ်ပေးသောပေါက်ပွင့်စာလုံးကလေးပင်ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းသည် စိတ်ထားကောင်းရှိသူတစ်ယောက်ဖြစ်သလို စိတ်ကူးကောင်းရှိသူတစ်ယောက်ဖြစ်သည်။ ကျွန်တော့်နာမည်တစ်လုံးကို ပေါက်ပွင့်များဖြင့်စီခြယ်၍ လုပ်ပြသည်။ “သူငယ်ချင်း၊ ဒီမှာကြည့်”ဆိုပြီး ကျွန်တော်ကိုပြ၍ ကျွန်တော်မြင်သောအခါ ကျွန်တော့်မှာအလွန်ပျော်ခဲ့ရသည်။ ယခုလည်းတွေးပြီး ကြည်နူးရသည်။ ကျွန်တော် အမြဲအမှတ်ရနေသော သူငယ်ချင်းပင် ဖြစ်ပေသည်။ ယခုအခါ ထိုသူငယ်ချင်းလည်း နေရာတစ်ရာမှာ ဘဝတစ်ခုဖြင့် ပျော်ရွှင်နေကြောင်း သိရသည်။ သူ့အတွက် သာယာပျော်ရွှင်ပါ‌စေဟု အလွန်သတိရသည့်အခါ ဆုတောင်းဖြစ်သည်။

လေပွေတစ်ချက်အဝှေ့တွင် လက်ပံပွင့်များ ဗြုန်းခနဲတစ်ပြိုင်နက်ကြွေကျလာကြသည်။ လက်ပံပင်အထက်မှ တစ်ယောက်ယောက်က လက်ပံပွင့်များတစ်ပွေ့ကြီးချလိုက်သကဲ့သို့ပင်။  အတိတ်ကအတွေးသည် ပစ္စုပ္ပန်သို့ပြန်လည်ရောက်ရှိလာသည်။ ဝတ်ရည်စုပ်သော ပျားပိတုန်းတို့သည်လည်း လက်ပံပင်နှင့်တစ်ဝိုက်တွင် ဝေ့ဝဲနေကြ၏။ လက်ပံပင်ကြီးမှာ နေရင်းထိုင်းရင် ကုသိုလ်ရနေသည်ဟု ကျွန်တော်တွေးမြင်နေမိသည်။ ထိုလက်ပံပင်ကြီးသည် ငှက်အပေါင်းတို့၏ အစာရှာရာနေရာတစ်ခုဖြစ်သည့်အပြင် ပျားပိတုန်းတို့၏ ဝတ်ရည်ပင်လယ်ပြင်ကြီးလည်း ဖြစ်နေသည်။ ယခုအချိန် ပျားပိတုန်းတို့အနေဖြင့် ထိုဝတ်ရည်ပင်လယ်ကြီးဆီမှ ဝတ်ရည်ကို လိုသလောက်ခပ်ယူနိုင်သည်။ ယခုအချိန်သည် ပျားပိတုန်းတို့အတွက် အလုပ်ရှုပ်ဆုံးအချိန်ဖြစ်သည်။ လက်ပံပင်ကြီးနှင့် ပေါက်ပင်အုပ်ဆီကို အသွားအပြန်လုပ်နေရ၍ အတောင်ညောင်းရော့မည်ဟု ကျွန်တော်တွေးနေမိသည်။ သို့သော် သူတို့ကိုကြည့်ရသည်မှာ အတောင်ညောင်းမည့်ပုံလည်းမပေါ်ပါ။ အမြဲတက်ကြွနေကြသည်။ “ချီလေတဲ့ချီလေ၊ ဤမြေမှ ဟိုတောင်တန်း”မဟုတ်တော့ဘဲ ဤလက်ပံပင်ကြီးမှ ဟိုပေါက်ပင်အုပ်ဆီသို့ဟု ဆိုရပေလိမ့်မည်။

ဥသြငှက်တစ်ကောင်ကတော့ လက်ပံပင်ကြီး၏ အမြင့်ဆုံးကိုင်းဖျားအရပ်ဆီမှ သူ့ကိုယ်ပိုင်သံဇဉ်ကို သူမပျင်းမရိ သီဆိုနေသည်။ ဤမျှ ငြီးငွေ့ဖွယ်ကောင်းသောတေးသီချင်းကို သူအဘယ်ကြောင့် တစ်ဘဝလုံး မငြီးမငွေ့သီဆိုနေသည်ကို သိချင်လှသည်။ သူလည်းသူ့ခံစားချက်နှင့် သူတော့ရှိပါ‌လိမ့်မည်။ လူအချို့ကတော့ သူ့သီချင်းကို “လွမ်းတေး”ဟု ပြောကြသည်။ လွမ်းတေးဆိုရအောင် သူကဘယ်သူ့ကို လွမ်းစရာရှိသနည်းဟု မေးမည်ကြံပြီးမှ သူလည်းသူ့အလွမ်းနှင့် သူတော့ရှိမှာပါလေဟု တွေးမိကာမမေးဖြစ်လိုက်။ ယင်းသည် ဥသြငှက်၏ တစ်ကိုယ်ရေအတွေးနှင့် ဆိုင်ပေလိမ့်မည်။ အလွမ်းဆိုသည်မှာ ချစ်သူနှင့်ကွေကွင်းရ၍နွမ်းလျခြင်းဟူသော ခံစားချက်တစ်ခုတည်းတော့မဖြစ်နိုင်။  အခြေအနေအပေါ်မူတည်၍လည်း လွမ်းနိုင်ပါသေးသည်။ ထို့ကြောင့် “ဘယ်သူ့ကိုလွမ်း၍ လွမ်းတေးဆိုလေသနည်း”ဟူသော မေးခွန်းမျိုးကားမေးရန် မည်သို့မျှမသင့်လျော်ပါ။ သူလည်း သူ့အလွမ်းနှင့်သူ။ ကျွန်တော်လည်း ကျွန်တော့်အလွမ်းနှင့် ကျွန်တော်ပင်။

ဟော၊ လက်ပံပွင့်တစ်ပွင့် ကတ္တရာလမ်းမပေါ်သို့ ကြွေကျသွားသည်။ ကားတစ်စင်းသည်လည်း ချိန်သားကိုက်ရောက်လာ၏။ ဘုရား ဘုရား ဘုရား။ ကျွန်တော်မျက်စိကို စုံမှိတ်ပစ်လိုက်သည်။ ကြွေခြင်းကို ကျွန်တော် ကြည့်ရက်သော်လည်း မရှုမလှကြွေခြင်းကိုတော့ ကျွန်တော်မကြည့်ရက်ပါ။ မျက်လုံးကို ဖြေးဖြေးလေး ပြန်ဖွင့်လိုက်၏။ ခုနက လက်ပံပွင့်ကလေးသည် လမ်းမထက်မှာ ဘေးမသီ ရန်မခဘဲ ရဲရဲနီလျက်။