စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များနှင့် ထပ်မံကူးစက်ခံရမှုများ

စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များနှင့် ထပ်မံကူးစက်ခံရမှုများ
Photo:AP
Photo:AP
Published 13 February 2021
မြတ်သက်မှူးကို

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများသည် ဗိုင်းရပ်စ်မျိုးကွဲသစ်များ ထပ်မံကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ဖွယ်မရှိကြောင်း သက်သေအထောက်အထားတစ်ရပ် ထွက်ပေါ်လာသည်။ပထမအကြိမ် ဗိုင်းရပ်စ်ကူးစက်ခံရချိန်၌ ခုခံအားနည်းခဲ့လျှင်အစောပိုင်းက ပေါ်ပေါက်ခဲ့သည့် ဗိုင်းရပ်စ်သည်ထိုသူအား ဒုတိယတစ်ကြိမ် ထပ်မံကူးစက်ခံရနိုင်သည်ဟု သုတေသနအသစ်တစ်ရပ်တွင် အကြံပြုခဲ့သည်။မူလဗိုင်းရပ်စ်ကူးစက်ခံရမှုမှ အချိန်မည်မျှကြာ ကိုယ်ခံအားရရှိနိုင်မည်နည်းဟူသည့် မေးခွန်းသည် ကပ်ရောဂါနှင့်ပတ်သက်၍ အဓိကမေးခွန်းများထဲမှတစ်ခုဖြစ်သည်။

သိပ္ပံပညာရှင်များကမူ ဗိုင်းရပ်စ်ထပ်မံ ကူးစက်ခံရမှုများမှာ ကြုံတောင့်ကြုံခဲဖြစ်စဉ်သာဖြစ်ပြီး ထပ်မံကူးစက်ခံရလျှင်လည်း ကနဦးကူးစက်ခံရသည့်အခြေအနေထက် ပြင်းထန်နိုင်ဖွယ်မရှိဟု ဆက်လက်ယူဆထားကြသော်လည်း ကမ္ဘာတစ်ဝန်း မကြာသေးမီကထွက်ပေါ်လာသည့် သုတေသန ရလဒ်များကစိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။တောင်အာဖရိက၌ ယခင်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ၏ နှစ်ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရကြောင်း ကာကွယ်ဆေးသုတေသနတွင် တွေ့ရှိခဲ့သည်။

ဘရာဇီးနိုင်ငံ၌ ဗိုင်းရပ်စ်မျိုးဗီဇသစ်ထပ်မံ ကူးစက်ခံရသည့် အလားတူဖြစ်စဉ် အများအပြားတွေ့ရှိခဲ့သည်။ဗိုင်းရပ်စ်ထပ်မံ ကူးစက်ခံရသည့်ဖြစ်စဉ်များသည်ကနဦး ဗိုင်းရပ်စ်ကူးစက်ခံရသူ လေးပုံသုံးပုံရှိသည့် မာနူးရက်စ်မြို့တွင်မကြာသေးမီကဗိုင်းရပ်စ် ကူးစက်ခံရသူမြင့်တက်နေမှုအပေါ် အဖြေတစ်ရပ်ထွက်ပေါ်လာနိုင်ခြေရှိ၊မရှိ သုတေသီများကအဖြေရှာနေကြသည်။

အမေရိကန်၌ ကနဦး ဗိုင်းရပ်စ်ကူးစက်ခံရသည့် မရိန်းတပ်သားသစ်များ၏ ၁ဝရာခိုင်နှုန်းသည် အခြေခံသင်တန်းမစတင်မီ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း နောက်ပိုင်း၌ ဗိုင်းရပ်စ်တစ်ဖန်ကူးစက်ခံခဲ့ရသည်ဟု သုတေသနတစ်ရပ်တွင်တွေ့ရှိခဲ့သည်။

သို့သော်ယင်းသုတေသနသည် ဗိုင်းရပ်စ်မျိုးကွဲသစ်မပေါ်ပေါက်မီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နယူးယောက်မြို့ Icahn ဆေးဘက်ဆိုင်ရာကျောင်းရှိ ယင်းသုတေသနခေါင်းဆောင် ဒေါက်တာစတူးအက်ဆီလ်ဖွန်ကပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်ကူးစက်ခံရတာဟာ နောက်တစ်ကြိမ် ဗိုင်းရပ်စ်မကူးစက်ခံရအောင် မလုပ်ဆောင်ပေးနိုင်ပါဘူး။နောက်တစ်ကြိမ် ကူးစက်ခံရနိုင်ခြေ ရှိနေပါသေးတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ထပ်မံ ကူးစက်နိုင်မှုသည်လူတစ်ဦး တစ်ယောက်အတွက်သာမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်အအခြေအနေတစ်ရပ်ဖြစ်သည်။

ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရချိန်တွင် ရောဂါလက္ခဏာမပြခဲ့လျှင်ပင်ဗိုင်းရပ်စ်သည် ထိုသူဆီမှဆက်လက် ကူးစက်ပျံ့နှံ့နိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ရေရှည်ပြဿနာရပ်အတွက်အဖြေတစ်ရပ်ဖြစ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်နှင့့် လက်များကို မကြာခဏဆေးကြောကြရန် ထပ်တလဲလဲ နှိုးဆော်ခဲ့ကြသည်။

“ဒီအခြေအနေဟာ လူအများအပြားကို အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန်ကာကွယ်ဆေးထိုးကြဖို့ စေ့ဆော်ချက်တစ်ရပ်ဖြစ်နေပါတယ်”ဟု အမေရိကန်အစိုးရ၏ ထိပ်သီးကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်ဒေါက်တာ အန်သိုနီဖော်ချီကပြောကြားခဲ့သည်။

တောင်အာဖရိကရှိဆရာဝန်များက လွန်ခဲ့သည့်နှစ်ကုန်ပိုင်း၌ သွေးစစ်ချက်များအရလူအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည့်အပေါ် စိုးရိမ်မိကြောင်းထုတ်ပြန်ခဲ့သည်။

မကြာသေးမီကလည်း ဗိုင်းရပ်စ်ကနဦး ကူးစက်ခံရသူများသည် ကိုးလထက်မနည်း ထပ်မံကူးစက်ခံရမှုမှကာကွယ်နိုင်သည်ဟု အထောက်အထားများ တွေ့ရှိခဲ့သောကြောင့် ဒုတိယလှိုင်းကို အတော်ထိန်းချုပ်နိုင်သင့်သည်ဟုဂျိုဟန်နက်စ်ဘတ်ဂျ် မြို့တော်ရှိ Witwatersrand တက္ကသိုလ်မှ ဒေါက်တာ ရှာဘီယာ မာဟီကပြောကြားခဲ့သည်။

မာဟီက Novavax ၏ ကာကွယ်ဆေးစမ်းသပ်မှုကို ဦးဆောင်ခဲ့ပြီး ယင်းကာကွယ်ဆေးသည် ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရမှုမှ ထိရောက်စွာကာကွယ်ပေးနိုင်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။

ထို့ပြင် ယင်းသုတေသန၌ ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ယခင်ဗိုင်းရပ်စ်ကူးစက်ခံရသူများနှင့် ကူးစက်ခံရခြင်း မရှိသူများ၌ပါ ကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့သည်။

“ကံမကောင်းစွာနဲ့ပဲ အခြေခံကျကျ ပြောရမယ်ဆိုရင်တော့ တောင်အာဖရိကမှာ အရင်ဗိုင်းရပ်စ်မျိုးဗီဇ ကူးစက်ခံရသူတွေက ဗိုင်းရပ်စ်မျိုးကွဲသစ်ထပ်မံကူးစက်ခံရနိုင်တဲ့ အခြေအနေကနေ ကာကွယ်မပေးနိုင်ပါဘူး”ဟု ၎င်းကပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ မာနူးရက်စ်မြို့တွင် ဇန်နဝါရီလ၌ ဆေးရုံတက်ရောက်ကုသခံနေရသည့်ဗိုင်းရပ်စ်လူနာများ မြင့်တက်မှုအပေါ် အလားတူစိုးရိမ်ပူပန်နေကြပြီး ယင်းမြို့၌စတင်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ပို၍ ကူးစက်မြန်သည့်အပြင် ကုသမှုခံယူသူအချို့တွင် ပြန်လည်သက်သာမှုနှုန်းလျော့နည်းသည်။

ကယ်လီဖိုးနီးယား သိပ္ပံပညာရှင်များသည်လည်း မကြာသေးမီက ပေါ်ပေါက်ခဲ့သော ဗိုင်းရပ်စ်မျိုးကွဲသစ်သည် ထပ်မံကူးစက်ခံရနိုုင်ခြင်း သို့မဟုတ် လက်ရှိကူးစက်မှု မြင့်တက်နေသည့် အကြောင်းအရင်းများ ဟုတ်၊မဟုတ် ဆန်းစစ်လေ့လာနေကြသည်။

ယခင်က ဗိုင်းရပ်စ်ကူးစက်ခံရသူများ၏ သွေးနမူနာများကို တောင်းယူပြီး လေ့လာနေသည်ဟု လေ့ာစ်အိန်ဂျလိစ်မြို့ရှိ Cedars Sinai ဆေးဘက်ဆိုင်ရာစင်တာရှိ သုတေသီ ဂျက်စ်မင်း ပလန်မာက ပြောကြားခဲ့သည်။

မရိန်းတပ်သားသစ်များကို လေ့လာမှုမှတွေ့ရှိချက်အရ ဗိုင်းရပ်စ်မျိုးကွဲသစ်များသည် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်းတွေ့ရှိခဲ့သည်ဟု ရေတပ်ဆေးဘက်ဆိုင်ရာသုတေသနစင်တာနှင့် ပူးတွဲလုပ်ကိုင်နေသည့် ဆီလ်ဖွန်က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်မျိုးကွဲသစ်များ မပေါ်ပေါက်မီအချိန်က ဗိုင်းရပ်စ်ထပ်မံကူးစက်နိုင်ခြေနှင့် ပတ်သက်၍လေ့လာမှုတစ်ရပ်၌  မရိန်းတပ်သားသစ်များအား လေ့လာခဲ့ပြီး၎င်းတို့၏ အခြေခံလေ့ကျင့်သင်ကြားမှုမစတင်မီ စစ်တပ်ကကြီးကြပ်သည့်သီတင်းနှစ်ပတ်ကြာ ကွာရန်တင်းကာလအတွင်းဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း သုံးကြိမ်စစ်ဆေးတွေ့ရှိခဲ့သည်။

ယခင်က ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သွေးနမူနာစစ်ဆေးချက်များ၌တွေ့ရှိခဲ့သူ ၁၈၉ ဦးတွင် သင်တန်းကာလသီတင်းခြောက်ပတ်အတွင်း ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၁၉ ဦးရှိခဲ့သည်။

၎င်းတို့ထဲမှ ထက်ဝက်နီးပါးသည်အခြေခံလေ့ကျင့်ရေးသင်တန်း၌ ဗိုင်းရပ်စ်ထပ်မံ ကူးစက်ခံရသူများဖြစ်သည်။

ယင်းပမာဏသည်ကနဦး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေထက် များစွာလျော့နည်းနေသည်ဟု  ဆီလ်ဖွန်ကပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူများသည် ပြင်းထန်ဖျားနာမှုဖြစ်ပေါ်ခြင်းမရှိသော်လည်း ယင်းထပ်မံကူးစက်ခံရသည့်တပ်သားသစ်များမှအခြားသူများ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ မရှိဟုဆိုလိုခြင်းမဟုတ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

“ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရနိုင်ခြေ ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့ အပြည့်အဝနားလည်ပြီလို့ မထင်ပါဘူး။ ပထမအကြိမ်ဗိုင်းရပ်စ်ကူးစက်ခံရတာကနေ ခင်ဗျားတို့ကိုယ်ခံအားရရှိနိုင်ပါတယ်။ ကာကွယ်ဆေးတွေကလည်း ကိုယ်ခံအားစနစ်ကို မြှင့်ပေးနိုင်ပါတယ်”ဟု ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ရောဂါဗေဒကျွမ်းကျင်သူ ဂျွန်ဝါရီက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးတွေက အနည်းငယ်ပိုကောင်းအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော်အပြည့်အဝယုံ ကြည်ထားပါတယ်”ဟု ၀ါရီက ပြောကြားခဲ့သည်။