အဲဒီအတွင်း ဘဝထဲကို မောင်းသူမဲ့လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ရင်

အဲဒီအတွင်း ဘဝထဲကို မောင်းသူမဲ့လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ရင်
Photo:Vectorstock
Photo:Vectorstock
Published 12 February 2021
ပြည်သစ်ဟန်

လွယ်အိတ်ထဲက အရာတချို့ကို ထုတ်လိုက်ပြီး မြေသားကုန်းမို့မို့တစ်ခုပေါ်မှာ ချလိုက်တယ်။ ပြီးတော့ သူအနည်းငယ်ပြုံးပြီး ကြည့်နေလိုက်တယ်။ သူ့လွယ်အိတ်ထဲက အရာတွေက သိပ်ထူးခြားတဲ့အရာတွေတော့ မဟုတ်ပါဘူး။ သူကြည့်နေရင်းကနေ အဲဒီအရာတွေကိုပြန်ယူပြီး လွယ်အိတ်ထဲကို ပြန်ထည့်လိုက်တယ်။ သူ့ဘေးနားမှာချထားတဲ့ ဒိတ်အောက်နေတဲ့ တံဆိပ်နဲ့ ဦးထုပ်ကိုလည်း ပြန်ဆောင်းလိုက်တယ်။ ဘာမှ ဖမ်းဆုပ်လို့မရနိုင်တဲ့ အချိန်ခဏလေးလို့ သူရေရွတ်လိုက်တယ်။ ပြီးတော့ လမ်းဆက်လျှောက်လာခဲ့တယ်။ တစ်စုံတစ်ယောက်က သူ့ကိုဆီးကြိုနေမလားလို့ သူတွေးလိုက်တယ်။ ပြီးတော့ သူပြုံးလာမိတယ်။ ဒါပေမဲ့ ဘာမှမသေချာတဲ့ မနက်ခင်းရဲ့ အလင်းစက်တွေလို့ရေရွတ်ပြီး သူ့အတွေးကိုဖျောက်ပစ်လိုက်ပြန်တယ်။

အချိန်က နေရောင်ခြည်လိုပျော်ကျနေခဲ့တယ်လို့ သူယူဆလိုက်တယ်။ အဲဒီနောက် သူ့မျက်နှာဟာ ညို့မှိုင်းသွားခဲ့ရတယ်။ သူလမ်းကိုသာ ဆက်လျှောက်ခဲ့တယ်။ အဲဒီလိုလျှောက်လာရင်းနဲ့ သူ့ခေါင်းဟာ မူးဝေလာခဲ့တယ်။ သူခဏမတ်တတ်ရပ်နေလိုက်တယ်။ ဒါပေမဲ့ သူ့ခေါင်းဟာ ချာလည်လည်နေခဲ့ပြန်တယ်။ မြေသားပေါ် လဲကျမသွားအောင် သူထိန်းနေခဲ့တယ်။ ခေါင်းကတော့ မူးဝေနေတုန်းပဲ။ အဲဒီလို ခေါင်းကချာလည်လည်နေတုန်း သူ့မျက်လုံးထဲမှာ သစ်ပင်တစ်ပင်ဟာ ရောက်ရှိနေခဲ့တယ်။ အဲဒီသစ်ပင်ဟာလည်း ချာလည်လည်နေခဲ့တယ်။ သူလွယ်အိတ်ထဲကနေ သစ်ခုတ်ဓားမတိုကို ထုတ်လိုက်တယ်။ ပြီးတော့ သူ့မျက်လုံးထဲက သစ်ပင်ကို ဓားမတိုနဲ့ ခုတ်ထစ်တော့တယ်။ နေရောင်ခြည်ကတော့ ပျော်ကျနေတုန်းပဲလို့ သစ်ပင်ခုတ်ရင်း သူရေရွတ်နေခဲ့တယ်။ သစ်ပင်လဲကျသွားတဲ့ အသံက သူ့ကိုတစ်စုံတစ်ရာ တုန်လှုပ်ခြင်း မဖြစ်စေခဲ့ဘူး။

သစ်ခုတ်ဓားမတိုကို ပစ်ချလိုက်ပြီး လဲကျနေတဲ့ သစ်ပင်ပေါ်မှာ သူထိုင်နေလိုက်တယ်။ ချွေးစတချို့ကို လက်နဲ့သူသုတ်လိုက်တယ်။ လွတ်အိတ်ထဲက ရေဘူးကိုထုတ်ပြီး ရေတစ်ငုံနှစ်ငုံသောက်လိုက်တယ်။ မောပန်းတာပြေဖို့ အတန်ကြာအောင် နားနေရတယ်။ သစ်တစ်ပင်လဲကျသွားတဲ့နောက် ခေါင်းထဲက ချာလည်လည်နေတာ ပျောက်သွားတဲ့နောက် ခြေလှမ်းတွေက သူ့ရဲ့ရုန်းကန်ခြင်းတွေ ပြန်ဖြစ်လာခဲ့တယ်။ သူလျှောက်လာရင်း နဲ့ ရေအိုင်တစ်အိုင်နားကို ရောက်လာခဲ့တယ်။ ရေအိုင်ရဲ့အစပ်မှာ သူထိုင်ချလိုက်တယ်။ ရေပြင်ကကြည်စိမ်းနေတယ်။ ငါးလေးတွေ အုပ်လိုက်အုပ်လိုက်ဟာ ရေထဲမှာပလုံစီကူးခတ်နေကြတယ်။ လွယ်အိတ်ထဲကနေ အစာလုံးတချို့ကို သူထုတ်လိုက်ပြီး ရေထဲကိုပစ်ချပေးလိုက်တယ်။ ရေပြင်ဟာ လှိုင်းဂယက်တွေ ဖြစ်သွားခဲ့တယ်။ ရေပြင်ထဲမှာ သူ့ပုံပန်းသဏ္ဌာန်ဟာ ဂျိုကာတစ်ကောင်ကခုန်နေ သလိုဖြစ်နေတယ်။ သူနောက်ထပ်အစာလုံးလေးတွေကို ရေထဲကိုထပ်ပစ်ချလိုက်တယ်။ သူကြည့်ရင်း ပြုံးလိုက်ပြီး တစ်ခါတစ်ရံမှာ အလှုပ်အခတ်ဟာ ရယ်မောစရာပါလားလို့ ရေရွတ်လိုက်တယ်။ ရေအိုင်ထဲကရေနဲ့ သူမျက်နှာသစ်လိုက်တယ်။

သူလျှောက်ရင်း လျှောက်ရင်းနဲ့ ခရီးအတော်ပေါက်လာခဲ့တယ်။ တန်းလျားရှည်ပုံစံ အိမ်တစ်လုံးကို သူတွေ့လိုက်ရတယ်။ အဲဒီအိမ်နားကို သူလျှောက်သွားခဲ့တယ်။ သူတွေ့လိုက်တဲ့အိမ်က ဝင်ပေါက်တံခါးပေါက် တစ်ပေါက်သာရှိတယ်။ ဒါပေမဲ့ တံခါးကသော့ခတ်ထားခဲ့တယ်။ တံခါးပေါက်နားကို သူလျှောက်သွားခဲ့ပြီး သော့ခလောက်ကို ခလောက်ကြည့်လိုက်တယ်။ တံခါးကိုလည်း လက်နဲ့ထုလိုက်တယ်။ အိမ်ထဲကနေ ဘာမှမတုံ့ပြန်တော့မှ သူ့ရဲ့ ကြောင်တောင်တောင်နိုင်လှတဲ့အဖြစ်ကို စိတ်ထဲကသိကအောက် ဖြစ်သွားတယ်။ တံခါးပေါက်နားက မြေသားကမူတစ်ခုပေါ်မှာ သူထိုင်ချလိုက်တယ်။ ပြီးတော့မှ သူ့လွယ်အိတ်ထဲက ပါလာတဲ့ သူ့မှတ်ပုံတင်ကတ်ပြားကို ထုတ်ကြည့်လိုက်တယ်။ ပြီးတော့ လွယ်အိတ်ထဲ ပြန်ထည့်ထားလိုက်တယ်။ နောက်ပြီးတော့ စာအုပ်တစ်အုပ်ကိုထုတ်ပြီး ဖတ်နေလိုက်တယ်။ စာအုပ်ထဲကတစ်ခန်း မပြီးတပြီး ဖတ်ပြီးသွားတဲ့အခါ ညောင်းလာတာနဲ့ စာအုပ်ကို သူပြန်ပိတ်ထားလိုက်တယ်။

သူကျောခိုင်းထားတဲ့ အိမ်ကိုတစ်ချက် လှည့်ကြည့်လိုက်တဲ့အခါ အိမ်ရဲ့မျက်နှာကြက်ပေါ်မှာ စာလုံးတချို့ ရေးခြစ်ထားတာကို တွေ့လိုက်ရတယ်။ အင်္ဂတေနံရံအဖြူရောင်ပေါ်မှာ အချွန်တစ်ခုခုနဲ့ ရေးခြစ်ထားတဲ့ စာလုံးတွေပါ။

“နံရံများသည် ရှည်လျားသည်

ရထားတွဲများ ခုတ်မောင်းသွားနေသလိုပေါ့

ခရီးသည်များသည် မျှော်လင့်ချက်နှင့်

နံရံများကို ငေးမောကြည့်သွားကြသည်

နံရံများသည် မျှော်လင့်ချက်များစွန်းပေပြီး ကျန်ခဲ့သည်

မျှော်လင့်ချက်သည် တစ်စုံတစ်ရာကို နာကျင်စေသည်

ထိုမျှော်လင့်ချက်များသည် သစ်ကိုင်းများကို

ငေးမောကြည့်နေကြသည်

ငှက်တချို့သည် တကျီကျီအော်ကြရင်း

သစ်ကိုင်းများပေါ်မှာ

အရှိန်အဟုန်ကို လျှော့ချထားကြသည်

တိတ်ဆိတ်ခြင်းသည်

ဘယ်အချိန်မှာ ဝင်ရောက်လာမည်မသိ

ထိုအရာများသည်

အိမ်တစ်လုံး၏ ပြင်ပ၌သာ ရနိုင်သည်”  ဟူ၍။

သူလည်း စာကိုဖတ်လိုက်ပြီး ရထားတွဲတွေအတိုင်း တအိအိလျှောက်လှမ်းသွားခဲ့တယ်။ သူ့ရဲ့ဝဲယာမှာတော့ ထင်းရှူးပင်တွေ၊ ၀ါးပင်တွေဟာ ညို့မှိုင်းနေကြတယ်။ သူတစ်ခု သတိရမိသွားတယ်။ အတိတ်က စွဲလမ်းမှုတွေဟာ တစ်ခါတစ်ရံမှာ အိပ်မက်ထဲကို ရောက်လာတတ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ အခုလက်ရှိအခြေအနေ အိပ်မက်တော့ မဟုတ်ခဲ့ပါ။ တနဲ့နဲ့လျှောက်နေတဲ့ သူ့ခြေထောက်တွေရဲ့ ညောင်းညာမှုက အိပ်မက်ရဲ့အခန်းကဏ္ဍကို ဘေးဖယ်ထားလို့ပါပဲ။ သူ့ရဲ့နောက်ကျော ခပ်ဝေးဝေးမှာတော့ အိမ်တစ်လုံးဟာ ငှက်တစ်ကောင် ငိုက်မြည်းနေတဲ့ပုံစံအတိုင်း ကျန်ခဲ့ပါတယ်။

သူဟာ စစ်အတွင်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တစ်ယောက်မဟုတ်သလို အေဒီရှစ်ရာစုလောက်က ကုန်သည်တစ်ဦးလည်း မဟုတ်ပါဘူး။ ဒါဆိုရင် သူဟာလူနေထူထပ်တဲ့ မြို့ပြ ဒါမှမဟုတ် ကျေးလက်တွေမဟုတ်တဲ့ အခုလိုတောတောင်ထဲမှာ ဘာလို့ရောက်ရှိနေခဲ့တာလဲ။ ဒါဟာ အဖြေရှာခဲ့ရင် တစ်နည်းနည်းနဲ့ရနိုင်တဲ့ ရုပ်ရှင်ကားတစ်ကားထဲက ဇာတ်ညွှန်းဒိုင်ယာလော့တစ်ခုစာလောက်ပါပဲ။ ဒါပေမဲ့ အသိခက်တဲ့အရာတွေဟာ အသိခက်တဲ့ဝါကျတွေနဲ့ တည်ဆောက်ထားတဲ့ စကားပြေတစ်ပုဒ်ဆိုရင် ဖတ်လို့အဆင်မပြေတော့သလိုပဲ လူတစ်ယောက်ရဲ့ နားလည်ရခက်တဲ့အကြောင်းကို ပုံပြင်သဖွယ်လက်ခံလိုက်ရုံသာပေါ့။ ပျင်းစရာကောင်းတဲ့ ပုံပြင်လို့တော့ ကင်ပွန်းတပ်လို့ရပါတယ်။

သူ့အကြောင်း ပြန်ဆက်ရရင် သူဟာ အကြားအာရုံ ချွတ်ယွင်းနေတဲ့ လူတစ်ယောက်ပါ။ ဒါကို ပြောပြဖို့ စောစောပိုင်းက မပြောပြဖြစ်ခဲ့ပါဘူး။ သူနဲ့အသံဆိုတဲ့အရာတွေဟာ ဘယ်လိုမှဆက်စပ်မှုမရှိမှန်း စာဖတ်သူတွေလည်း အလွယ်တကူသိနိုင်တဲ့အရာပါ။ သူဟာ အသံတွေကို မမုန်းပါဘူး။ အသံတွေနဲ့ဝေးရာကိုပဲ တစ်ခါတလေသွားချင်ခဲ့တဲ့ သဘောပါ။ ဒါဟာ တိတ်ဆိတ်ခြင်းကို နှစ်သက်တာမဟုတ်နိုင်သလို အသံတွေကိုလည်း တပ်မက်တယ်လို့ ဆိုလို့မရပါဘူး။ သူက တခြားအကြားအာရုံချို့တဲ့ကြတဲ့သူတွေလို နားကြားကိရိယာတပ်ဆင်ဖို့လည်း စိတ်ကူးမရှိခဲ့သလို ကြိတ်မှိတ်စူးစိုက်ပြီးလည်း အသံတွေကို နားမထောင်ချင်ခဲ့ဘူး။ အလိုလို တိတ်ဆိတ်နေလျက်သား သူ့ရဲ့ဘဝမှာ သူရှာဖွေခဲ့ချင်တဲ့ အရာကတော့ သိသာပါတယ်။ (အသံတွေမရှိတဲ့ အလိုလိုတိတ်ဆိတ်နေတဲ့ နေရာတွေကို သွားချင်ခဲ့တာလို့ ဆိုရမှာပါပဲ။) ဒါဟာ အလွန်ခက်ခဲတဲ့ ကိစ္စမှန်းလည်း သူသိနေခဲ့မှာပါ။ နောက်ပြီး လုပ်ရိုးလုပ်စဉ် အခြေအနေတွေနဲ့ ခြားနားတဲ့ နယ်ပယ်တစ်ခုထဲကို ဝင်ရောက်နေခဲ့တယ်လို့လည်း ဆိုလို့ရပါတယ်။

သူ့ခြေလှမ်းတွေဟာ အတော်လေးယိုင်နဲ့အားပျော့လာခဲ့ပြီဆိုတာ သတိထားမိနေတယ်။ အနားယူဖို့ လိုအပ်လာပြီလို့ သူတွေးလိုက်တယ်။ သူ့ရဲ့အနီးမှာတော့ လူနှစ်ရပ်စာလောက်မြင့်တဲ့ သံဆူးကြိုးတံတိုင်းကြီးတစ်ခု ခတ်ထားတာကို သူတွေ့လိုက်ရတယ်။ အဲဒီ သံဆူးကြိုးတွေ ခတ်ထားတဲ့ အတွင်းဘဝထဲကို သူမျှော်ကြည့်လိုက်တယ်။ အဲဒီအထဲမှာ အရောင်တွေရှိတယ်။ မြင်ကွင်းထဲကနေ တွေးထင်ယူဆလို့ရတဲ့ အစိတ်အပိုင်းတွေ အားလုံးရှိနေတယ်။ အလှတရားတွေအဖြစ်လည်း ခံစားလို့ရနေတယ်။ အထီးကျန်နိုင်လှတဲ့ အဓိပ္ပာယ်တွေကိုလည်း အလွယ်တကူ ဖမ်းဆုပ်လို့ရနေတယ်။ နောက်ပြီး သူခံစားမိနေတာက အသံဆိုတဲ့အရာတွေ ကင်းဆိတ်နေတယ်ဆိုတဲ့ အချက်တစ်ချက်လည်း အဲဒီသံဆူးကြိုးကာရံထားတဲ့ အတွင်းဘဝထဲမှာ ရှိနေခဲ့တာပါပဲ။ သူဘာလုပ်ရမှန်းမသိအောင် ငြိမ်သက်သွားခဲ့ရတယ်။ အဲဒီအတွင်းဘဝထဲကို သူဝင်ရင်ကောင်းမလား၊ ဒါမှမဟုတ် လာရာလမ်းအတိုင်း ပြန်လှည့်သွားရင် ကောင်းမလားဆိုတာ ဝေခွဲမရဖြစ်နေခဲ့တယ်။

စထွက်လာခါစတုန်းက သူတွေးခဲ့ဖူးတဲ့ “တစ်စုံတစ်ယောက်ကများ စောင့်ကြိုနေမလား”ဆိုတဲ့ အတွေးကို သူသတိရမိသွားတယ်။ ဒါကလည်း သူရှေ့ကနေ သူသိတဲ့တစ်စုံတစ်ယောက်ဟာ သူ့အရင် ထွက်ခွာလာခဲ့လို့ပါပဲ။ ဒါဆိုရင် သူလမ်းမှာတွေ့ခဲ့တဲ့ အိမ်တစ်လုံးရဲ့ မျက်နှာကြက်ပေါ်က စာသားတွေဟာ အဲဒီရှေ့ကလူရေးသွားခဲ့တာလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူလည်း သံဆူးကြိုးခတ်ထားတဲ့နားမှာ လှဲလျောင်းနေလိုက်တော့တယ်။ အဲဒီလို လှဲလျောင်းနေရင်းနဲ့ သူ့ရှေ့က ထွက်သွားခဲ့တဲ့သူကို စောင့်နေမယ်လို့ သူစိတ်ကူးလိုက်တယ်။ သူလည်း ဒီအတွင်းဘဝထဲမှာ ရှိနေရုံကလွဲပြီး ကျန်တဲ့နေရာမှာ မရှိနိုင်ဘူးဆိုတာ သေချာနေလို့ပါပဲ။ နောက်ပြီး အဲဒီလူကလည်း သူ့လိုပဲ အကြားအာရုံချို့တဲ့နေတဲ့ လူတစ်ယောက်ပါပဲ။ အဲဒီလိုသူလှဲနေရင်းနဲ့ အိပ်ပျော်သွားခဲ့တယ်။

အိပ်ပျော်ရာကနေ နိုးလာခဲ့တော့ အိပ်မက်မက်သေးတယ်လို့ သူ့ကိုယ့်သူထင်နေခဲ့သေးတယ်။ ဒါပေမဲ့ သူအိပ်မက်တော့ မမက်ခဲ့ဘူး။ တကယ် လက်တွေ့ကြုံလာရတာက အတွင်းဘဝထဲက သံဆူးကြိုးဘေးမှာ လူတစ်ယောက်ရပ်နေခဲ့တာပါပဲ။ အဲဒီလူက သူ့ကိုကြည့်နေခဲ့တယ်။ သူကလည်း အဲဒီလူကို ကြည့်နေခဲ့တယ်။ သူနှုတ်ကနေ တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်တဲ့အချိန်မှာ အတွင်းဘဝထဲကလူက မျက်နှာပျက်သွားခဲ့ပြီး သူ့ကိုလက်လှမ်းတားလိုက်တယ်။ အဲဒီလို ခဏရပ်ကြည့်ကြပြီးတဲ့နောက် အဲဒီနေရာကနေ သူထွက်ခွာလာခဲ့တယ်။ ဒါပေမဲ့ အတွင်းဘဝထဲမှာရှိနေတဲ့ လူတစ်ယောက်အဖြစ်နဲ့လည်း သူကျန်နေခဲ့ပါတယ်။