မြန်မာ MMA ကစားသမား ထီရယ်လ်ထန်က မြန်မာနိုင်ငံအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန်ဆုံးပြန်ရစေရန် ဆုတောင်းပေးကြောင်း ဖေဖော်ဝါရီ ၅ ရက်က ထိုးသတ်ခဲ့သည့် Unbreakable III ပြိုင်ပွဲအပြီးတွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
ထီရယ်လ်ထန်သည် One Championship က ကျင်းပသည့် Unbreakable III ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီနှင့် ထိုးသတ်ရာ ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲအပြီးတွင် ထီ ရယ်လ်ထန်က "Stanford MMa မှ ကျွန်တော့်ရဲ့နည်းပြတွေနဲ့ အသင်းဖော်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ထိုးသတ်ပွဲက ကွင်းပေါ်မှာ ပြီးသွား ပြီဖြစ်ပေမဲ့ ကျွန်တော်ချစ်မြတ်နိုးပြီး အလေး ထားတဲ့ ကျွန်တော့်ရဲ့လူမျိုးနဲ့ ပရိသတ်တွေကတော့ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေကြတုန်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ မြန်မာပြည်ကြီးအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေး အမြန်ဆုံးပြန်ရပါစေလို့ ဆုတောင်းပေးပါ တယ်။ အားလုံးနဲ့အတူ ငြိမ်းချမ်းတဲ့ အမိမြေ မြန်မာပြည်ကြီးမှာ ပြန်လည်ဆုံတွေ့ကြပါ မယ်" ဟု ရေးသားဖော်ပြထားသည်။
ထီရယ်လ်ထန်သည် ယင်းပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမားကို လက်ရည်အသာ ဖြင့် ထိုးသတ်ကာ ဒုတိယအချီ နှစ်မိနစ် ၂၅ စက္ကန့်တွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် One Championship နှင့် လက် တွဲပြီးနောက်ပိုင်း သုံးပွဲထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရထားသည်။ ထီရယ်လ်ထန်သည် ပြီးခဲ့သည့်နှစ်ပွဲတွင် အမှတ်ဖြင့်သာ အနိုင်ရခဲ့ သော်လည်း ယခုပွဲတွင်မူ ဒုတိယအချီ၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရပြီး ပထမဆုံး အလဲထိုးနိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော တပ်မတော်က အာဏာသိမ်းသည့်ဖြစ်စဉ်ကို ကန့်ကွက်ကြောင်း အားကစားလောကမှ နာမည်ကြီးကစားသမားများစွာက ၎င်းတို့၏ လူမှုကွန်ရက်တွင် ဆန္ဒထုတ်ဖော်လျက်ရှိပြီး ပြည်ပရောက် အားကစားသမားများအပြင် ပြည်တွင်းအားကစားလောကမှ နည်းပြများ နှင့် ကစားသမားများလည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ နည်းပြများနှင့် ကစားသမားများက လည်း ယခုဖြစ်ရပ်ကို ကန့်ကွက်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်များတွင် ရေးသားဖော်ပြခဲ့ကြသည်။