ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ၂၀၂၄ ရာသီမှစ၍ ၃၂ သင်း အစား ၃၆ သင်းပြိုင်ပွဲအဖြစ် အရေအတွက်တိုးမြှင့်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။
ဥရောပထိပ်တန်းကလပ်များက အသင်း ၂၀ သာပါဝင်မည့် ဥရောပ စူပါလိဂ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်နေ သောကြောင့် UEFA ကလည်း ချန် ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းလဲရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ဗြိတိန် အခြေစိုက် BBC သတင်းဌာန၏ ဖော်ပြမှုအရ ၂၀၂၄-၂၀၂၅ ရာသီ မှစ၍ အသင်းအရေအတွက်ကို ၃၂ သင်းမှ ၃၆ သင်းသို့ တိုးမြှင့်သွားမည် ဖြစ်ပြီး လက်ရှိကျင်းပနေသည့်ပုံစံ အရ ၂၆ သင်း တိုက်ရိုက်ဝင်ခွင့်ရကာ ခြောက်သင်းမှာ ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာခြင်းဖြစ်သည်။
အသစ်ပြောင်းလဲမည့်ပုံစံအရ ထပ်တိုးလာမည့် လေးနေရာအနက် သုံးနေရာကို UEFA ၏ နိုင်ငံအလိုက် အဆင့်ရပ်တည်မှုစာရင်းတွင် ပဥ္စမ နေရာရပ်တည်နေသည့် လိဂ်ပြိုင်ပွဲမှ ကလပ်အသင်းများ ဝင်ခွင့်ရမည်ဖြစ် ပြီး ကျန်တစ်နေရာကိုမူ လိဂ်အဆင့်အတန်းနိမ့်ပါးသည့်ပြိုင်ပွဲမှ ချန်ပီယံအသင်းက Champion Path ခြေစစ်ပွဲလမ်းကြောင်းမှတစ်ဆင့် ဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ၃၆ သင်းကို လက်ရှိပုံစံကဲ့သို့ အုပ်စုများခွဲဝေခြင်းမပြုဘဲ လိဂ်ပြိုင် ပွဲပုံစံ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ခရစ္စမတ်ကာလမတိုင်မီ ၁၀ ပွဲကစား ရမည်ဖြစ်သည်။
ကလပ်အသင်းများ အနေဖြင့် လိဂ်အဆင့်သတ်မှတ်ချက်အလိုက် တွဲဖက်၍ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိပ်ဆုံးနေရာရပ်တည်နိုင်သည့်ရှစ်သင်းက ၁၆ သင်း ရှုံး ထွက်အဆင့်သို့ တိုက်ရိုက်တက် ရောက်ခွင့်ရကာ အဆင့် ၉ မှ ၂၄ အထိ ရပ်တည်နိုင်သည့်အသင်းများ မှာ Play-off အဆင့် ထပ်မံကစား ရဖွယ်ရှိသည်။ ၁၆ သင်းအဆင့်မှ ဆီမီးဖိုင်နယ်အထိကို လက်ရှိပုံစံ အတိုင်း အိမ်ကွင်း၊ အဝေးကွင်း နှစ် ကျော့စနစ် ယှဉ်ပြိုင်ကစားစေမည် ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ တစ်ကျော့တည်းသာ ကျင်းပမည်ဖြစ်သည်။
UEFA သည် ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပရန် စီစဉ်နေသော်လည်း ယူရိုပါလိဂ်နှင့် ၂၀၂၁-၂၀၂၂ ရာသီတွင် အသစ် စတင်ကျင်းပမည့် Conferenve League ပြိုင်ပွဲကို မူလအစီအစဉ်အတိုင်း လေးသင်းတစ်အုပ်စုပုံစံဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ UEFA အနေဖြင့် Swiss Model ပုံစံအဖြစ် ပြောင်းလဲကျင်းပ မည့် အဆိုပြုမှုအတွက် ဥရောပလိဂ် ပြိုင်ပွဲများအုပ်စု၏ ထောက်ခံမှုရရှိ ထားကြောင်း သိရသည်။
"Swiss Model လို့ အမည်ရတဲ့ ပုံစံသစ်က ၂၀၁၉ ခုနှစ်မှာ အဆိုပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးပုံစံနဲ့ ယှဉ်ရင် တိုးတက်မှုပိုရှိလာပါတယ်" ဟု ဥရောပလိဂ်ပြိုင်ပွဲများအုပ်စုက ကြေညာချက် ထုတ်ပြန်ထားသည်။ သို့သော် အသွင်သစ်ချန်ပီယံ လိဂ်ပြိုင်ပွဲပုံစံအရ ခရစ္စမတ်ကာလ မတိုင်မီ အုပ်စုပွဲစဉ် ၁၀ ပွဲကစားရ မည့်အချက်မှာ ပရီးမီးယားလိဂ် ကလပ်များကို အခက်တွေ့စေဖွယ် ရှိကြောင်း သိရသည်။ ယင်းပုံစံအရ ပရီးမီးယားလိဂ်အနေဖြင့် ဝင်ခွင့် နေရာ တိုးမြှင့်ရနိုင်ဖွယ်မရှိသလို ပြည်တွင်း၌ အမှတ်ပေးပြိုင်ပွဲအပြင် FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများ လည်း ယှဉ်ပြိုင်ရသောကြောင့် ပွဲစဉ်များစွာ ကစားရမည့်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်မှာ ပြည်တွင်း၌ ပြိုင်ပွဲသုံးခု ရှိသည့်အပြင် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင်လည်း အားလပ်ရက် မပေးဘဲ ပွဲစဉ်များဆက်တိုက်ကစားရသည့်အစဉ်အလာကြောင့် နည်းပြများ၏ ဝေဖန်ညည်းတွားမှုများ ခံရ လေ့ရှိပြီး ခရစ္စမတ်ကာလမတိုင်မီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုခြောက် ပွဲအစား ၁၀ ပွဲအထိ တိုးမြှင့်ကစားရမည်ဆိုပါက ကစားသမားများ အနေဖြင့် ပွဲပန်းသည့်ဒဏ်ကို ပိုမို ခံစားရဖွယ်ရှိနေသည်။ Swiss Model ပုံစံအဆိုပြုမှုကို ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် ၃၇ ခုနှင့် နိုင်ငံပေါင်း ၃၀ မှ ဘောလုံး အဖွဲ့ချုပ်များ ဆွေးနွေးရမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်ကျင်းပမည့် အမှုဆောင် ကော်မတီအစည်းအဝေးတွင် အပြီး သတ် ဆုံးဖြတ်နိုင်ဖွယ်ရှိသည်။