SNLD ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင်ကို ရွေးချယ်တင်မြှောက်

SNLD ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင်ကို ရွေးချယ်တင်မြှောက်
 Photo: Shan Nationalities League for Democracy
Photo: Shan Nationalities League for Democracy
Published 3 February 2021
ဉာဏ်လင်းထွန်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ပါတီဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံရေးမှ ဦးခွန်ထွန်းဦး အနားယူခဲ့သောကြောင့် ပါတီဥက္ကဌအဖြစ် ယခင်ပါတီဒုတိယ ဥက္ကဋ္ဌ (၁) ဦးစိုင်းညွန့်လွင်ကို ရွေးချယ်တင်မြှောက်လိုက်ကြောင်း SNLD ပါတီက ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည်။

ဦးခွန်ထွန်းဦး နိုင်ငံရေးမှ အနားယူခြင်း အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေများအရ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ရန် လိုအပ်လာသည့်အတွက် ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်ဟု ပါတီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ အခု မြန်မာနိုင်ငံရဲ့ ပစ္စက္ခနိုင်ငံရေး အခြေအနေက အင်မတန်ရှုပ်ထွေးပြီးတော့မှ တင်းမာနေတာပေါ့။ အဲဒီတော့ ဒီအခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ဆိုရင် ပါတီထဲမှာက သတ်သတ်မှတ်မှတ် ခေါင်းဆောင်နိုင်တဲ့ပုဂ္ဂိုလ် လိုအပ်တာပေါ့နော်။ ဆိုလိုတာက ပါတီခေါင်းဆောင်မရှိဘဲ ဒီပါတီကြီးက ဆုံးဖြတ်ချက်ချဖို့ဆိုတာလည်းပဲ အခက်အခဲ တစ်စုံတစ်ရာရှိတာပေါ့။ အဲဒါကြောင့် ပါတီမှာလည်း ပါတီလက္ခဏာ ပြည့်စုံအောင် ဒီလိုမျိုး ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်” ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

၁၉၈၈ အောက်တိုဘာတွင် စတင်တည်ထောင်သည့် SNLD ပါတီကို ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ယူခဲ့သည့် ဦးခွန်ထွန်းဦးသည် ပါတီဥက္ကဋ္ဌတာဝန်နှင့် အခြားသောပါတီနှင့် အဖွဲ့အစည်းအချို့တွင် နာယကအဖြစ် ဆောင်ရွက်နေခြင်းမှ အနားယူပြီဖြစ်ကြောင်း ဇန်နဝါရီနောက်ဆုံးအပတ်တွင် မီဒီယာများမှတစ်ဆင့် ကြေညာခဲ့သည်။

ထိုသို့ ဦးခွန်ထွန်းဦး ပါတီမှ အနားယူမှုအပေါ် ဇန်နဝါရီ ၂၇ ရက်က ကျင်းပသည့် SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် လက်ခံရန် ဆုံးဖြတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ပါတီဥက္ကဋ္ဌ ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ SNLD ပါတီဥက္ကဋ္ဌအဖြစ် ဦးစိုင်းညွန့်လွင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ယခင်ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်နှင့် ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းပါတီဥက္ကဋ္ဌ ဦးစိုင်းလှဖေတို့ကို ပါတီဖွဲ့စည်းပုံနှင့်အညီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးက ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ပါတီကို တည်ထောင်တဲ့ သူတွေထဲမှာဆိုရင် သိပ်မကျန်တော့ဘူးလေ။ ဒါက ၀ါအရင့်ဆုံးလည်း ဖြစ်တယ်ပေ့ါလေ။ ဥက္ကဋ္ဌကြီးခွန်ထွန်းဦး နားသွားပြီဆိုတော့ ဦးစိုင်းညွန့်လွင်က ၀ါအရင့်ဆုံးဖြစ်တယ်ဆိုတော့ သူပါတီကိုဦးဆောင်တာက အင်မတန်သင့် မြတ်ကောင်းမွန်တဲ့ကိစ္စတစ်ခုဖြစ်တယ်” ဟု SNLD ပါတီ တွဲဘက်အတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

ပါတီညီလာခံ ကျင်းပနိုင်ခြင်းမရှိသေးချိန် ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ရန်လိုအပ်ပါက ပါတီဖွဲ့စည်းပုံစည်းမျဉ်း အခန်း (၃) ပုဒ်မ (၇) (က) (၂) အရ ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများကို ခန့်အပ်နိုင်ကြောင်း သိရသည်။

လက်ရှိ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများသည် လက်ရှိပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သက်တမ်းနှင့်အညီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမည်ဖြစ်သည်။

“ အတွင်းရေးမှူးအဖွဲ့နဲ့ ကျန်တဲ့တခြားတာဝန်တွေ ဘာမှအပြောင်းအလဲမရှိပါဘူး။ ဒါက ဥက္ကဋ္ဌက အနားယူသွားတယ်ဆိုတော့ လစ်လပ်တဲ့နေရာကို ထပ်ပြီးဖြည့်တဲ့သဘောပါ” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

လက်ရှိပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လက ကျင်းပပြုလုပ်သည့် ပါတီညီလာခံက ရွေးချယ်ခဲ့သောကြောင့် ၂၀၂၂ ခုနှစ် ဇွန်လတွင်မှ သက်တမ်းကုန်မည်ဖြစ်ပြီး ပါတီဖွဲ့စည်းပုံအရ သုံးနှစ်တစ်ကြိမ် မြို့နယ်စုံညီအစည်းအဝေး ကျင်းပပြုလုပ်၍ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်သည်။

SNLD ပါတီဥက္ကဋ္ဌဖြစ်လာသည့် ဦးစိုင်းညွန့်လွင်သည် SNLD ပါတီ တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ပါတီတည်ထောင်စဉ်က တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ကာ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များလည်း ချမှတ်ခံခဲ့ရသူလည်းဖြစ်သည်။

Most Read

Most Recent