လူထုသဘောထား

လူထုသဘောထား
Published 31 January 2021

“လူထုသဘောထားဆိုတာထက် လူထုခံစားချက်တွေလို့ပဲ ပိုပြီးခေါ်ဆိုထိုက်တာပါ”

ဘင်ဂျမင် ဒစ္စရေးလီ (၁၈၀၄ - ၁၈၈၁)

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ဖူးသူ

အကြောင်းအရာတစ်ရပ် (သို့မဟုတ်) ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ လူထု၏ ဆန္ဒများ၊ လိုလားချက်များနှင့် တွေးတောထင်မြင်မှုများကိုသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံရှိ လူထု၏ စုပေါင်းထင်မြင်ချက်ကိုသော်လည်းကောင်း လူထု၏ သဘောထားအမြင်ဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်အသုံးအနှုန်းဖြစ်သည့် Public Opinion ဟူသည့်စကားလုံးကိုကြည့်လျှင် ၁၇ ရာစု တွေးခေါ်ရှင် ဂျွန်လော့က်၏ အရေးအသားထဲ၌ အစောဆုံး တွေ့နိုင်သည်။ သူ၏ An Essay Concerning Human Understanding တွင် နိုင်ငံရေးအခင်းအကျင်း၌ လူထုတို့၏ သဘောထားအမြင်က အရေးကြီးပုံကို အစောဆုံး ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရှိရသည်။ သို့သော် စကားလုံးသက်သက်ကို ကြည့်လျှင် ပြင်သစ်စကားလုံးဖြစ်သော I’ opinion ကို ၁၅၈၈ ခုနှစ်တွင် မီရှယ်ဒီမွန်တိန်းက ပထမဆုံး သုံးစွဲခဲ့သည်။

လူထု၏ သဘောထားအမြင်ဟူသည့် သဘောတရားတစ်ရပ်သည် မြို့ပြယဉ်ကျေးမှုပေါ်ထွန်းခြင်းနှင့် အခြားနိုင်ငံရေးနှင့် လူမှုရေးအင်အားစုများ ဖြစ်ပေါ်လာခြင်း ဖြစ်စဉ်တစ်လျှောက်၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပြိုင်ဆိုင်မှုပုံစံများ ပြောင်းလဲလာချိန်တွင် ပထမဆုံးအဖြစ် လူထု၏အတွေးများက အရေးကြီးလာခြင်းလည်း ဖြစ်သည်။ ဂျာမန်လူမှုဗေဒပညာရှင် ဖာဒီနန်တိုနီက လူ့အဖွဲ့အစည်းများအတွင်း လူမှုရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကဲ့သို့ပင် လူထု၏ သဘောထားအမြင်က အရေးကြီးကြောင်း ၁၉၂၂ ခုနှစ်တွင် ထုတ်ဝေသည့် သူ၏သဘောတရားရေးရာစာအုပ်၌ ရေးသားခဲ့သည်။ ဂျာမန်လူမှုဗေဒသဘောတရားရေးရာ ပညာရှင် ဂျာဂင်ဟာဘာမက်က လူထု၏ သဘောထားအမြင်အကြောင်း ဆွေးနွေးရာတွင် လူထုရပ်ဝန်း (Publiv Sphere) ဟု သုံးနှုန်းခဲ့သည်။ လူထု၏သဘောထားထင်မြင်ချက်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်သွားရာ၌ ယင်းလူထုရပ်ဝန်းက အရေးကြီးသည်။ ယင်းလူထုရပ်ဝန်းသည် ဘုံသဘောရပိုင်ခွင့်၊ ကျိုးကြောင်းဆီလျော်သော ငြင်းခုံမှုနှင့် အဆင့်အတန်းကို အလေးမထားမှု ဟူသော စရိုက်လက္ခဏာများကို ဖော်ပြကြောင်း ဟာဘာမက်က အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် သူက လူထုသဘောထားအမြင်ကို အကောင်းဆုံး ဖွဲ့စည်းထားသည့် ယင်းစရိုက် လက္ခဏာသုံးရပ်သည် အနောက်တိုင်းလစ်ဘရယ် ဒီမိုကရေစီနိုင်ငံများတွင် ဆက်လက်၍ တည်ရှိခြင်း မရှိတော့ဟု ယုံကြည်သည်။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံများတွင် လူထုသဘောထားအမြင်ကို အီလစ်များက အကြီးအကျယ် ကိုင်တွယ်ခြယ်လှယ်လာကြသည်ဟု ဆိုသည်။

အမေရိကန်လူမှုဗေဒပညာရှင် ဟာဘက်ဘလူမာက လူထုနှင့်ပတ်သက်၍ အတူတကွ မတူညီသော တွေးထင်ချက်တစ်ရပ်ကို အဆိုပြုခဲ့သည်။ ဘလူမာက လူထုတို့၏ သဘောထားထင်မြင်ချက်ကို အချိန်တစ်ခု၌ သက်ဆိုင်ရာ လူထုအကြောင်းအရာတစ်ရပ်အား ဆွေးနွေးနေသူများဖြင့် ဖွဲ့စည်းထားသော အပြုအမူစုစုပေါင်း၏ ပုံစံတစ်ရပ်အဖြစ် ဆွေးနွေးခဲ့သည်။ သူ၏ဖွင့်ဆိုချက်အရ လူထုဟူသည် များစွာရှိနေပြီး ၎င်းတို့အသီးသီးသည် အကြောင်းအရာတစ်ရပ် ပေါ်ထွက်လာသည့်အခါ ဖြစ်တည်လာပြီး အကြောင်းအရာတစ်ရပ်ကို ဖြေရှင်းသည့်အခါ ဖြစ်တည်မှု ရပ်စဲသွားသည်ဟု ဆိုသည်။ ဘလူမာက လူများသည် လူထုဟူသော အစုအဝေးထဲသို့ ကွဲပြားခြားနားသော စွမ်းရည်များနှင့် ကွဲပြားခြားနားသောအဆင့်များဖြင့် ပါဝင်ကြသည်ဟု ဆိုသည်။ ထို့ကြောင့် လူထု၏ သဘောထား ထင်မြင်ချက်စစ်တမ်းဟူသည် လူထုဟူသည်ကို တိုင်းတာနိုင်ခြင်းမရှိဟု ဆိုသည်။ ပညာတတ်တစ်ဦး၏ ပါဝင်မှုသည် အရက်သမားတစ်ဦး၏ ပါဝင်မှုထက် ပို၍ အရေးကြီးသည်။ လူများ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချကြသည့် အစုအဝေးသည် အပြုအမူ အပေါင်းအစု ပုံစံတစ်ရပ်သာဖြစ်ပြီး လူထုဟူသည်နှင့် ကွဲပြားခြားနားသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လူထု၏ သဘောထားအမြင်ဟူသည် နိုင်ငံရေးရပ်ဝန်း၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ဇန်နဝါရီ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent