မင်းတပ်မြို့နယ် ချီချောင်းနှင့် ယောချောင်းဒေသတွင် မဂ္ဂါဝပ် ၃၀ အောက်ရှိသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာရန် နော်ဝေပါ၀ါကုမ္ပဏီနှင့် MoU ရေးထိုးထား

မင်းတပ်မြို့နယ် ချီချောင်းနှင့် ယောချောင်းဒေသတွင် မဂ္ဂါဝပ် ၃၀ အောက်ရှိသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာရန် နော်ဝေပါ၀ါကုမ္ပဏီနှင့် MoU ရေးထိုးထား
ကယားပြည်နယ်အတွင်းရှိ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ကယားပြည်နယ်အတွင်းရှိ လောပိတရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 26 January 2021
နီလာ

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ချီချောင်းနှင့် ယောချောင်းဒေသတွင် မဂ္ဂါဝပ် ၃၀ အောက်ရှိသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းဆောင်ရွက်ရန် နော်ဝေပါ၀ါကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားကြောင်း ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ မင်းတပ်မြို့မှာ ချီချောင်းနဲ့ ယောချောင်းမှာ မဂ္ဂဝပ် ၃၀ အောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းအတွက် နော်ဝေပါ၀ါကုမ္ပဏီနဲ့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီးပြီ။ ဒါက ကုမ္ပဏီဘက်က ဆောင်ရွက်ဖို့ပဲ ကျန်တော့တယ်” ဟု ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာရန် နားလည်မှုစာချွန်လွှာအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း COVID-19 ကာလဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးမှုများ ရှိနေကြောင်းသိရသည်။

ချင်းပြည်နယ်တွင် အကြီးစားရေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာအရှိဆုံး နေရာနှစ်ခုမှာ ကိုဖေရှည်ကျေးရွာအနီး လေးမြို့မြစ်ပေါ် (ခန့်မှန်းမဂ္ဂါဝပ် ၆၀၀) နှင့် ဖလမ်းမြို့နယ်၊ ကဘားနီအနီး မဏိပူရမြစ်ပေါ် (ခန့်မှန်းမဂ္ဂါဝပ် ၃၈၀) တို့ဖြစ်ကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အလတ်စား (မဂ္ဂါဝပ် ၁၀ နှင့် ၃၀ ကြား) နှင့် အသေးစား (မဂ္ဂါဝပ် ၁၀ အောက်) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်နိုင်မည့် စူးစမ်းရှာဖွေဆဲဖြစ်နိုင်ခြေ များပြားသည့်နေရာများကို မတူပီ၊ မင်းတပ်၊ ထန်တလန်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် တွေ့ရှိထားကြောင်း သိရသည်။ ထို့ပြင် လေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အလားအလာရှိသောနေရာကို တီးတိန်မြို့နယ်အတွင်း တွေ့ရှိထားကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ပထမနှစ်နှစ်တာကာလအတွင်း ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေစူးစမ်းလေ့လာလိုသော တရုတ်၊ ဂျပန်နှင့် နော်ဝေနိုင်ငံများမှ ကုမ္ပဏီအနည်းဆုံးခုနစ်ဖွဲ့ခန့်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

လျှပ်စစ်ဥပဒေ (၂၀၁၄) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ပိုင်ခွင့်ကို မဂ္ဂါဝပ် ၃၀ အထိ ပေးအပ်ထားသော်လည်း မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေဖြင့် မဟာဓာတ်အားလိုင်းစနစ်သို့ ပို့လွှတ်ရောင်းချရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါက ပြည်ထောင်စုအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုတင်သဘောထားမရရှိဘဲ စီမံကိန်းရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိကြောင်း သိရသည်။

အထူးသဖြင့် လျှပ်စစ်ဓာတ်အားရောင်းချရာတွင် ရောင်းချစျေး (Tariff) သည် အလွန်အမင်းနည်းပါးပြီး အရင်းကြေကာလ မလွဲမသွေကြာမြင့်မည်ဖြစ်ရာ ထုတ်လုပ်နိုင်သည့်စီမံကိန်းများရှိသည့်တိုင် ရင်းနှီးမြှုပ်နှံရန် စွန့်စားရမည်ဟု ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ပြည်နယ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေသည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဝေးလံခေါင်သီသောဒေသများတွင် မဟာဓာတ်အားလိုင်း ပြင်ပလျှပ်စစ်ရရှိရေးစနစ် (Off-Grid) နှင့် အသေးစားဓာတ်အားစနစ်များဖြင့် လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent