ဗျူဟာတို့၏ သဘောတရား

ဗျူဟာတို့၏ သဘောတရား
Published 22 January 2021

ကောင်းမွန်သော နည်းဗျူဟာသည် အဆိုးရွားဆုံး မဟာဗျူဟာကိုပင် ကယ်တင်နိုင်သည်။ ဆိုးရွားသော နည်းဗျူဟာသည် အကောင်းဆုံး မဟာဗျူဟာကိုပင် ပျက်စီးစေလိမ့်မည်။

ဂျော့စမစ်ပက်တန် ဂျူနီယာ (၁၈၈၅ - ၁၉၄၅)

အမေရိကန်ဗိုလ်ချုပ်ကြီး

 

အဖွဲ့အစည်းတစ်ရပ်အတွင်း၌ မဟာဗျူဟာအကြောင်းရော၊ နည်းဗျူဟာအကြောင်းပါ ပြောတတ်လေ့ရှိကြသည်။ ယင်းစကားနှစ်ရပ်သည် လူသုံးများပြီး အမြဲတစေ တွေ့ရှိနေရသော်လည်း ရောထွေးနေလေ့ရှိသည်။ မဟာဗျူဟာနှင့် နည်းဗျူဟာတို့အကြား လုံးဝကွဲပြားခြားနားချက် အနည်းငယ်ရှိသည်။ အတိုချုပ်ဆိုရလျှင် မဟာဗျူဟာသည် ရည်မှန်းချက်ပန်းတိုင်နှင့် ယင်းသို့ မည်သို့မည်ပုံ ရောက်ရှိနိုင်သနည်းဟူသည်ကို ဖော်ပြသည်။ နည်းဗျူဟာသည် ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းကြောင်းတစ်လျှောက် လုပ်ဆောင်ရမည့် အသေးစိတ်အချက်များကို ဖော်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ခန့်က တရုတ်စစ်သေနာပတိဆွန်ဇူးက “စစ်ရေးအနုပညာ” ဟူသည့် ကျမ်းကို ရေးသားခဲ့သည်။ ယင်း၌ သူက “နည်းဗျူဟာမပါသော မဟာဗျူဟာသည် အောင်ပွဲသို့သွားရာ အနှေးကွေးဆုံး လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာ မပါသော နည်းဗျူဟာသည် မရှုံးနိမ့်မီ ဆူညံဆူညံ လုပ်ခြင်းသာဖြစ်သည်” ဟု ဆိုသည်။ နည်းဗျူဟာနှင့် မဟာဗျူဟာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် မဟုတ်ကြပါ။ ၎င်းတို့သည် တစ်သင်းတည်း၌သာ ရှိကြသည်။ ၎င်းတို့သည် ရာစုနှစ်များစွာကြာအောင် အတူတကွ ရှိခဲ့ကြသည်။

မဟာဗျူဟာဟူသည် ရေရှည်ရည်မှန်းချက် ပန်းတိုင်များဖြစ်ပြီး ယင်းပန်းတိုင်များကို ရယူရန် အစီအစဉ်ချထားမှုများဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မဟာဗျူဟာများသည် မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်မှန်းရာခရီးကို ပေါက်မြောက်ရန် လိုအပ်သော လမ်းကြောင်းကို ပေးသည်။ နည်းဗျူဟာဟူသည် ပို၍အကောင်အထည်ကျပြီး ရည်မှန်းရာလမ်းတစ်လျှောက် ပိုမိုအသေးစိတ်သော ခြေလှမ်းများနှင့် ပိုမိုတိုတောင်းသော အချိန်သတ်မှတ်ချက်များဆီသို့ ရှေးရှုသည်။ နည်းဗျူဟာတွင် အကောင်းဆုံး ကျင့်သုံးမှုများ၊ အသေးစိတ်သော အစီအစဉ်များ၊ ရင်းမြစ်များ အစရှိသဖြင့် ပါဝင်သည်။ နည်းဗျူဟာတို့အား လမ်းညွှန်ချက်များဟုလည်း ခေါ်ဆိုလေ့ရှိသည်။

မဟာဗျူဟာသည် ရေရှည်သဘောကိုဆောင်ပြီး မဟာဗျူဟာအား အောင်မြင်အောင် လုပ်ဆောင်ပုံအပေါ် အခြေခံလျက် နည်းဗျူဟာများကို ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့် မိမိ၏ စျေးကွက်မဟာဗျူဟာသည် မိမိတို့၏ သြဇာလွှမ်းမိုးမှုနှင့် လူမှုမီဒီယာ၌ စွမ်းဆောင်မှုကို တိုးတက်အောင်ပြုလုပ်ရန် ဖြစ်ပါက နည်းဗျူဟာသည် မိမိတို့အလုပ်အတွက် မည်သည့်ချန်နယ်သည် အကောင်းဆုံးဖြစ်သနည်းဟူသည်နှင့် မိမိ၏ ပရိသတ်အတွက် မည်သည့်မက်ဆေ့ချ်များက အကောင်းဆုံး အလုပ်ဖြစ်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

ပြီးမြောက်အောင်မြင်မှုဆီသို့ ရောက်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာတို့သည် အတူယှဉ်တွဲလုပ်ဆောင်ကြရသည်။ မိမိ၏ မဟာဗျူဟာသည် တောင်တစ်လုံးကိုတက်ရန်ဖြစ်ပါက မဟာဗျူဟာ၏ အဓိက အစိတ်အပိုင်းတစ်ရပ်မှာ တောင်၏ မည်သည့်ဘက်ခြမ်းမှနေ၍ တက်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ယင်း၌ နည်းဗျူဟာမှာ မည်သည့်ဝတ်စုံကို ဝယ်မည်၊ မိမိနှင့်အတူ မည်သူ့ကို ခေါ်သွားမည်၊ တောင်ပေါ်သို့ရောက်ရန် မည်မျှအချိန်ယူမည်၊ မည်သည့်ရာသီ၌ တက်မည်၊ ခရီးစဉ်ကို မည်သို့ရေးဆွဲမည် အစရှိသည်တို့ ဖြစ်ကြသည်။

မဟာဗျူဟာနှင့် နည်းဗျူဟာတို့သည် တစ်ခုနှင့်တစ်ခု အမြဲတမ်းကိုက်ညီမှုရှိရန် လိုအပ်သည်။ မိမိအနေဖြင့် သက်ဆိုင်ရာ စီမံကိန်းတစ်ရပ် (နည်းဗျူဟာတစ်ရပ်) ကို နှစ်သက်နေသော်လည်း ယင်းနည်းဗျူဟာသည် မိမိ၏ ရေရှည်မဟာဗျူဟာနှင့် ကိုက်ညီရန် လိုအပ်သည်။ ထို့ကြောင့် မဟာဗျူဟာက မိမိအဖွဲ့အစည်းအား မည်သည့်နည်းဗျူဟာ ကျင့်သုံးသင့်သည်ကို အသိပေးသည်။

ထို့ကြောင့် မည်သည့်အလုပ်ကို လုပ်ဆောင်ရာ၌မဆို ကောင်းမွန်သည့် မဟာဗျူဟာ လိုအပ်သကဲ့သို့ ယင်းနှင့်ကိုက်ညီမည့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်လည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်