မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေနှင့် အထည်ချုပ်ကဏ္ဍ ထိခိုက်မှုအခြေအနေများ ဆွေးနွေး

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေနှင့် အထည်ချုပ်ကဏ္ဍ ထိခိုက်မှုအခြေအနေများ ဆွေးနွေး
ASEAN Federation of Textile Industries (AFTEX) အဖွဲ့ဝင်များဆွေးနွေးစဉ် (ဓာတ်ပုံ-MGMA)
ASEAN Federation of Textile Industries (AFTEX) အဖွဲ့ဝင်များဆွေးနွေးစဉ် (ဓာတ်ပုံ-MGMA)
Published 19 January 2021
နီလာ

မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေနှင့် အထည်ချုပ်ကဏ္ဍ ထိခိုက်မှုအခြေအနေများကို ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ သိရသည်။

ASEAN Federation of Textile Industries (AFTEX) အဖွဲ့ဝင်များဖြစ်သော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံအသီးသီးမှ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးအခြေအနေ၊ COVID-19 အခြေအနေများနှင့် ထိခိုက်မှုများ၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ နိုင်ငံအသီးသီးမှ အထည်ချုပ်လုပ်ငန်းများ၏ ပို့ကုန်နှင့် သွင်းကုန်အခြေအနေများနှင့် ၎င်းတို့၏အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အစရှိသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များကလည်း ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်အခြေအနေများ၊ COVID-19 ကာလအတွင်း MGMA အနေဖြင့် အသင်းဝင်စက်ရုံများအတွက် ဆောင်ရွက်ခဲ့မှုများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အထည်ချုပ်စက်ရုံများအတွက် ကူညီဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့ကြသည်။

COVID-19 ကာလအတွင်း ပိတ်သွားခဲ့သော သို့မဟုတ် ယာယီပိတ်ထားသော စက်ရုံ ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ ရာခိုင်နှုန်း ၉၀ မှာ အဓိကအားဖြင့် ပို့ကုန်ကိုသာ အားထားလုပ်ကိုင်ကြကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် Position Paper တွင် ဖော်ပြထားသည်။

အထည်ချုပ်လုပ်ငန်းများတွင် ကုန်ကြမ်းရရန် ခက်ခဲခြင်း၊ အော်ဒါများ လျော့နည်းသွားခြင်း (သို့မဟုတ်) ခေတ္တရပ်နားထားခြင်းနှင့် ငွေပေးချမှုများ နောက်ကျခြင်း (သို့မဟုတ်) မရရှိခြင်း၊ အချို့ကုမ္ပဏီက ဒေဝါလီခံသွားခြင်း၊ နာမည်ကျော်အမှတ်တံဆိပ်အချို့က အမှာများ ပယ်ဖျက်ခြင်းစသည်တို့ ကြုံတွေ့ရပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအနေဖြင့် အသင်းဝင်များကို စစ်တမ်းကောက်ယူခဲ့ရာ အများစုမှာ ဇူလိုင်လအထိသာ အော်ဒါများရှိပြီး စက်တင်ဘာမှစတင်ကာ အခက်အခဲများ စတင်ကြုံတွေ့လာနိုင်ပြီး အသင်းဝင် ရာခိုင်နှုန်း ၃၀ သာ အော်ဒါများ ဆက်လက်ရရှိနိုင်သည်ဟု သုံးသပ်ထားကြောင်း သိရသည်။

သို့သော်လည်း အော်ဒါအများဆုံးမှာ ယူသည့်နိုင်ငံများ၏ စီးပွားရေးအခြေအနေကြောင့် အထည်ချုပ်ကဏ္ဍတွင် ထိခိုက်မှုများ ရှိခဲ့ရသည်။

“ပြည်ပအော်ဒါကိုတင်ပို့တဲ့နေရာမှာတော့ တခြားနိုင်ငံဘက်က ဝယ်ယူမှုမှာ အခက်အခဲလို့ ပြောတာထက် သူတို့အခက်အခဲက ကိုယ့်အခက်အခဲဖြစ်လာတယ်။ အခုချိန်မှာ ကျွန်မတို့ အများဆုံးတင်ပို့တာက နိုင်ငံအနေနဲ့ဆို ဂျပန်ပါ။ ဂျာမနီက ဒုတိယပါ။ ဘလောက်စ်အနေနဲ့ဆိုရင် ၂၈ နိုင်ငံ အီးယူကတော့ အများဆုံးပေါ့နော်။ US ကတော့ အခုတော့ဝယ်လာပါပြီ။ ဒါပေမဲ့ ကိုရီးယား၊ ဂျပန်လောက် မများနေသေးဘူးပေါ့နော်။ အဲဒီတော့ ကိုရီးယားနိုင်ငံရဲ့ ပြည်တွင်းအခြေအနေကြည့်ရင်လည်း သူစီးပွားရေးကျနေတယ်။ ဂျပန်နိုင်ငံမှာလည်း တက်မနေဘူး။ ကိုဗစ်ကို ကြောက်တာလည်း ပါတယ်ပေါ့။ အဲဒီတော့ အဲဒီနိုင်ငံတွေမှာလည်း သူတို့ရဲ့ ရုံးတွင်းမှာကို အကန့်အသတ်တွေနဲ့ သွားလာတဲ့အပိုင်းတွေ ရှိတဲ့အခါကျတော့ ကျွန်မတို့ကို အော်ဒါ ရှာပေးဖို့အပိုင်းမှာ သူတို့လည်း အကန့်အသတ်ရှိပါတယ်” ဟု အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံမှ အော်ဒါအများဆုံး မှာယူနေသည့် နိုင်ငံများတွင် ကိုဗစ်ရောဂါကူးစက်မှု များပြားကာ စီးပွားရေးအရ ထိခိုက်မှုများနှင့် စိန်ခေါ်မှုများက မြန်မာနိုင်ငံ၏ စိန်ခေါ်မှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Most Read

Most Recent