ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် စီပွားရေး အခွင့်အလမ်းများ နောက်ကျသည့် နစ်နာမှုများရှိကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် စီပွားရေး အခွင့်အလမ်းများ နောက်ကျသည့် နစ်နာမှုများရှိကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 19 January 2021
အောင်မင်းသိန်း

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဆောလျင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် စီပွားရေး အခွင့်အလမ်းများ နောက်ကျသည့် နစ်နာမှုများရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်း တင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် အီတာလျံ-ထိုင်းကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းများ နှေးကွေးခြင်းကြောင့် နိုင်ငံတော်အနေနှင့် နစ်နာမှုတစ်စုံတစ်ရာ ရှိပါသလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင် ဒေါက်တာထွန်းနိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အီတာလျံ-ထိုင်းကုမ္ပဏီက ဒီစီမံကိန်းကို ဆောင်ရွက်တာ နှေးကွေးနေတယ် ဆိုတာကို ကျွန်တော်တို့ ရှင်းပြခဲ့ပြီးပါပြီ။ စီမံကိန်းသာ ဆောလျဉ်စွာ အကောင်အထည် ပေါ်ပေါက်လာမယ်ဆိုခဲ့ရင် သက်ဆိုင်ရာ တနင်္သာရီတိုင်းဒေသမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအတွက်ရော အဲဒီတိုင်းဒေသကြီးမှာ မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာ နေထိုင်နေကြတဲ့ အလုပ်လုပ်ကိုင်လိုတဲ့ အခွင့်အလမ်းကို ရရှိကြမယ့် ပြည်သူတွေရော ဆက်စပ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တဲ့ စီးပွားရေး အခွင့်အလမ်းတွေရော အားလုံးအတွက် အခွင့်အလမ်းတွေ နောက်ကျတဲ့ နစ်နာမှုတွေ ရှိပါတယ်။ ဒီ့အပြင် ဆောလျဉ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ လာရောက် ရင်းနှီးမြှုပ်နှံလိုမယ့် စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အလားအလာတွေ ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”ဟု ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ထိုင်း Italian-Thai Development Public Company Limited (ITD) တို့သည် ကနဦးအဆင့် စီမံကိန်း ကိုးခုအတွက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်များကို ၂၀၁၅/၂၀၁၆ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစီမံကိန်းများတွင် စက်မှုဇုန်နယ်မြေ၊ ဆိပ်ကမ်းငယ်၊ သဘာဝဓာတ်ငွေ့ဆိပ်ကမ်း (LNG Terminal)၊ ဓာတ်အားပေးစက်ရုံ၊ မြို့ပြစီမံကိန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေလှောင်ကန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်သို့ ဖောက်လုပ်နည်း နှစ်လမ်းသွား ကားလမ်းနှင့် အခြားသော အခြေခံအဆောက်အဦး စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

ကနဦးအဆင့် စီမံကိန်းများအတွက် နိုင်ငံတကာအကြံပေးအဖွဲ့များ၏ ပံ့ပိုးမှုနှင့်အတူ တင်ဒါခေါ်ဆို ဆောင်ရွက်ခဲ့ရာ အီတာလျံ-ထိုင်းကုမ္ပဏီမှ ဦးဆောင်ပြင်ဆင် ဖွဲ့စည်းထားသော အခြားမိတ်ဖက်ကုမ္ပဏီများ ပါဝင်သည့် ကုမ္ပဏီများက တင်ဒါအောင်မြင်ခဲ့ပြီး ကနဦးအဆင့် စီမံကိန်းများအတွက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခွင့် စာချုပ်များ (Concession Agreement) ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့သည် ကနဦးအဆင့် စီမံကိန်းများ စတင်နိုင်ရေးအတွက် နှစ်ဖက်ဖြည့်ဆည်းရမည့် စည်းကမ်းချက်များ ကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်တွင် စက်မှုဇုန်နယ်မြေအတွက် မြေငှားစာချုပ် ပြင်ဆင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ပြင်ဆင်ရန် ညှိနှိုင်းဆောင်ရွက်နေစဉ်အတွင်း အီတာလျံ-ထိုင်း ကုမ္ပဏီက Concession Agreement များပါ စည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြဿနာရပ်များကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော နည်းလမ်းဖြင့် ထောက်ပြဖြေရှင်းရန် ပြင်ပဥပဒေ အကြံပေးများ၏ ကူညီမှုနှင့်အတူ ကုမ္ပဏီနှင့် ကာလရှည်ကြာ စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်များကို တရားမျှတမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်း ထားဝယ်အထူးစီပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent