ငါးနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထား

ငါးနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထား
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကိုတွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 16 January 2021
ဇေယျာငြိမ်း

ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁၇ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံကျော်ဖြင့် အများဆုံးတင်ပို့ထားကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိ ရရှိထားသည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်း လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း) ရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄၄၅ ဘီလျံ (ဒေါ်လာ ၃၄၄၅ ဒသမ ၁၀ သန်း) ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ကုဗပေ ၆၇၀၃၆၂ သန်း ထုတ်လုပ်ထားပြီး လေးနှစ်အတွင်း အများဆုံးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၀၀၈ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၆၇၅၈၃ သန်း၊၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၂၇၀၀၇ သန်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုဗပေသန်း ၆၇၀၃၆၂ သန်း ထုတ်လုပ်ထားနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် မေလ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သတ်ပြီး ရှင်းလင်းပြောကြားချက်များကို မေလ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာကာလအတွင်း မြန်မာ့ရေနံနှင့်သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent