ကလော့ပ်၏ လီဗာပူးလ်နှင့် ဆုံတွေ့ခွင့်မရခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဖာဂူဆန် အရွှန်းဖောက်

ကလော့ပ်၏ လီဗာပူးလ်နှင့် ဆုံတွေ့ခွင့်မရခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဖာဂူဆန် အရွှန်းဖောက်
Photos: Getty Images
Photos: Getty Images
Published 16 January 2021

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ယာဂန်ကလော့ပ်၏ လီဗာပူးလ်အသင်းနှင့် ဆုံတွေ့ခြင်းမရခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း အရွှန်းဖောက်ပြောကြားခဲ့သည်။ 

အသက် (၇၉)နှစ်အရွယ်ရှိ ဖာဂူဆန်သည် မန်ယူအသင်းကို (၂၇)နှစ်တာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ (၁၃)ကြိမ်အထိ ရယူပေးခဲ့ကာ မန်ယူအသင်းကို အင်္ဂလန်တွင် အမှတ်ပေးချန်ပီယံဆုအများဆုံးရအသင်းဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။ 

မန်ယူအသင်းသည် ဖာဂူဆန် အနားယူသွားသည့် ၂၀၁၃-၀၄ ရာသီမှစကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခြင်း မရှိတော့ဘဲ လီဗာပူးလ်အသင်းမှာမူ ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဆယ်စုနှစ် (၃)ခုအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သလို၊ ယင်းရာသီက မန်ယူအသင်းကိုလည်း (၃၃)မှတ်အထိ ဖြတ်နိုင်ခဲ့သည်။ 

ထို့ပြင် လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ရာ လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် လီဗာပူးလ်-မန်ယူပွဲမတိုင်မီ ဖာဂူဆန်က ယာဂန်ကလော့ပ်၏ စွမ်းဆောင်မှုများကို ချီးကျူးစကားဆိုခဲ့သည်။ 

ဖာဂူဆန်က "မန်ယူနဲ့ လီဗာပူးလ် ထိပ်တိုက်တွေ့ဆုံမှုဟာ တစ်ရာသီလုံးအတွက် အကောင်းဆုံးပွဲစဉ်လို့ ကျွန်တော် အမြဲသတ်မှတ်ခဲ့ပါတယ်။ ဘာကြောင့်ဆိုလဲတော့ သူတို့နှစ်သင်းက ဗြိတိန်မှာ အအောင်မြင်ဆုံးဖြစ်လို့ပါပဲ။ ဒီတော့ အောင်မြင်ချင်တယ်ဆိုရင် လီဗာပူးလ်ကို အနိုင်ယူရမယ်ဆိုတာ ရှင်းပါတယ်။ လီဗာပူးလ်ရဲ့ ၁၉၇၀ ကျော်ကာလတွေနဲ့ ၁၉၈၀ ကျော်ကာလတွေမှာ အောင်မြင်မှုက အံ့မခန်းပါပဲ။ ဒါကြောင့် မန်ယူအသင်းကို ကျွန်တော် စကိုင်တုန်းက ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်ခဲ့တယ်။ အခုတော့ ကျွန်တော် နည်းပြဘဝက အနားယူခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ (၂)ရာသီအတွင်း လီဗာပူးလ်အသင်းရဲ့ စွမ်းဆောင်မှုတွေကို ကြည့်ပြီး နည်းပြဘဝက အနားယူခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ စွမ်းဆောင်မှုက အံ့မခန်းပါပဲ။ လီဗာပူးလ်အသင်းအပေါ် ကျွန်တော့်အနေနဲ့ အမြဲတမ်း လေးစားမှုအပြည့်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဖာဂူဆန်က မန်ယူအသင်းကို ကိုင်တွယ်စဉ်က လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်အား ခေါ်ယူခွင့်ရခဲ့သော်လည်း ငြင်းပယ်ခဲ့ခြင်းအတွက် နောင်တရမိကြောင်းလည်း ဝန်ခံခဲ့သည်။ 

Most Read

Most Recent