ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက စပိန်စူပါဖလားပြိုင်ပွဲ၌ ဗိုလ်လုပွဲမတက်ရောက်နိုင်ခြင်းမှာ ရှုံးနိမ့်မှုမဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
စပိန်စူပါဖလားပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းသည် ဆီမီးဖိုင်နယ်ပွဲအဖြစ် ကြာသပတေးနေ့က မာလာဂါမြို့၌ ဘီလ်ဘာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဘီလ်ဘာအိုအသင်းက (၁၈) မိနစ်နှင့် (၃၈) မိနစ် (ပယ်နယ်တီ) တွင် တိုက်စစ်မှူး ရာအူးလ်ဂါစီယာ၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။
(၇၃) မိနစ်တွင် ဘန်ဇီမာက ချေပဂိုးပြန်လည်သွင်းယူရာ လူကျွံအဖြစ် သတ်မှတ်ခံရသော်လည်း VAR ဖြင့် ကြည့်ရှုပြီးနောက် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့သည်။
ဘန်ဇီမာ ဒုတိယချေပဂိုး ထပ်မံသွင်းယူသော်လည်း လူကျွံသတ်မှတ်ခံရသောကြောင့် ရီးယဲလ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
သို့သော် ဇီဒန်းက "ဒါက ရှုံးနိမ့်မှုမဟုတ်ပါဘူး။ ရှုံးနိမ့်တယ်ဆိုတာက ကြိုးစားအားထုတ်မှုမရှိတာနဲ့ ကွင်းထဲမှာ အစွမ်းကုန် မပေးဆပ်တာကို ဆိုလိုတာပါ။ ကျွန်တော့်အသင်းက ကြိုးစားပေမဲ့ ချေပဂိုးမရခဲ့တာပါ။ ဘဝဆိုတာ ဒီလိုပါပဲ။ အမြဲတမ်း အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ပွဲအစမှာတော့ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ သူတို့က အခွင့်အရေးနှစ်ကြိမ်မှာ နှစ်ဂိုးရသွားတာပါ။ ဒုတိယပိုင်းမှာတော့ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပြီး တိုင်လည်း နှစ်ကြိမ်ထိခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။















