လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် မန်ယူအသင်းကို အနိုင်ရရန်အတွက် အမြင့်ဆုံးစွမ်းဆောင်ရည်ဖြင့် ကစားနိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ၎င်းတို့အသင်းအား (၃)မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရမှတ် (၃၆)မှတ်ဖြင့် ဦးဆောင်နေသည့် မန်ယူအသင်းအား အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားမည်ဖြစ်သည်။
ယင်းပွဲအတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် လီဗာပူးလ်နည်းပြ ကလော့ပ်က အိမ်ကွင်းတွင် မန်ယူအသင်းကို အနိုင်ရယူလိုကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က "မန်ယူနဲ့ ကစားမယ့်ပွဲက (၃)မှတ်ထက် မပိုပါဘူး။ ကျွန်တော်တို့အနေနဲ့ မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး သူတို့ကို အနိုင်ယူချင်ပါတယ်။ လက်ရှိမှာ မန်ယူအသင်းက ထိုက်တန်တဲ့ ရမှတ်တွေကို ရထားသလို၊ ကျွန်တော်တို့ကလည်း ထိုက်တန်တဲ့ ရမှတ်တွေကို ရရှိထားတာပါ။ ဒီရာသီကုန်ဆုံးဖို့က အများကြီးလိုပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိအချိန်မှာ တခြားအသင်းအကြောင်းကို မစဉ်းစားသလို၊ အမှတ်ပေးဇယားရပ်တည်မှုအကြောင်းကိုလည်း မတွေးပါဘူး။ ကျွန်တော်တို့ အာရုံစိုက်တာက ကစားတဲ့ပွဲတွေကို အနိုင်ရဖို့ပါပဲ။ မန်ယူအသင်းက ကောင်းတာကြောင့် သူတို့ကို နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကစားနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုတွင် အဆင့်(၁)နေရာမှ မန်ယူအသင်းနှင့် (၃)မှတ်ကွာဟနေသော်လည်း မန်ယူအသင်းထက် ဂိုးကွာခြားချက်(လီဗာပူးလ်အသင်း၏ဂိုးကွာခြားချက်မှာ +၁၆ ဖြစ်ပြီး မန်ယူအသင်း၏ဂိုးကွာခြားချက်မှာ +၁၀ ဖြစ်သည်) သာသဖြင့် အန်ဖီးလ်ကွင်း၌ ကစားမည့်ပွဲတွင် မန်ယူအသင်းကို အနိုင်ရခဲ့မည်ဆိုပါက အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာဖြင့် ပြန်လည်ဦးဆောင်နိုင်မည်ဖြစ်သည်။















