ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် ဟာဇက်ကို စိတ်ရှည်ပေးကြရန် ဇီဒန်း တိုက်တွန်း

ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် ဟာဇက်ကို စိတ်ရှည်ပေးကြရန် ဇီဒန်း တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 15 January 2021

ရီးယဲလ်နည်းပြ ဇီဒန်းက ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် အသင်းတောင်ပံကစားသမား ဟာဇက်ကို စိတ်ရှည်ပေးကြရန် အသင်းပရိသတ်များကို တိုက်တွန်းပြောကြားခဲ့သည်။ 

ဟာဇက်သည် ကြာသပတေးနေ့က ကစားခဲ့သည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ရီးယဲလ် (၁-၂) ဘီလ်ဘာအိုပွဲတွင် ပွဲထွက်ခွင့်ရခဲ့သော်လည်း ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး ဂိုးပေါက်တည့်ကန်ချက်(၁)ကြိမ်သာ ရှိခဲ့ကာ ပွဲချိန် (၆၇)မိနစ်၌ ဗင်နီစီယပ်စ်နှင့် လူစားလဲခံခဲ့ရသည်။ 

ဟာဇက်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းသို့ စရောက်ကတည်းက ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရကာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။ 

သို့သော် ဇီဒန်းက ဟာဇက်အနေဖြင့် ပုံမှန်ခြေစွမ်းရရန် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပြီး မိမိတို့အနေဖြင့် ၎င်းကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။ 

ဇီဒန်းက "ဒီနေ့ (ဘီလ်ဘာအိုနဲ့)ပွဲမှာ ဟာဇက်တင်မဟုတ်ပါဘူး။ ပထမပိုင်းမှာ တစ်သင်းလုံး ကစားပုံဆိုးခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဟာဇက် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ လူတွေက ဟာဇက်ကို စိတ်ကုန်နေပြီလို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဟာဇက် ခြေစွမ်းပြနိုင်ဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်။ သူ ခြေစွမ်းပြနိုင်ဖို့အတွက် အချိန်အတိုင်းတစ်ခု စောင့်ကြည့်မှာပါ။ ကျွန်တော်တို့အနေနဲ့ ဟာဇက် အကောင်းဆုံးခြေစွမ်းပြနိုင်အောင် အားပေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ယခုရာသီ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး (၂)ဂိုးသာ သွင်းယူထားသည်။ 

Most Read

Most Recent