PSG အသင်းနှင့် ဆုဖလားများ ထပ်မံရယူရန် မျှော်လင့်ထားကြောင်း ပိုချက်တီနို ပြောကြား

PSG အသင်းနှင့် ဆုဖလားများ ထပ်မံရယူရန် မျှော်လင့်ထားကြောင်း ပိုချက်တီနို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 January 2021

PSG အသင်းနည်းပြ ပိုချက်တီနိုက အသင်းနှင့်အတူ ဆုဖလားများ ထပ်မံရယူရန် မျှော်လင့်ထားကြောင်း မာဆေးလ်အသင်းနှင့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ 

PSG အသင်းသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကစားခဲ့သည့် ပြင်သစ်စူပါဖလားပြိုင်ပွဲတွင် မာဆေးလ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ယင်းမှာ အသင်းနည်းပြ ပိုချက်တီနိုအတွက် နည်းပြဘဝ ပထမဆုံးဆုဖလား ဖြစ်ခဲ့သည်။ 

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနို (၄၈ နှစ်)သည် အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့သော်လည်း ဆုဖလားရရှိဖူးခြင်းမရှိဘဲ ယခုဆုဖလားမှာ ၎င်း၏နည်းပြဘဝသက်တမ်း (၁၂) နှစ်အကြာတွင် ပထမဆုံးဆုဖလားရရှိခြင်းဖြစ်ကြောင်း သိရသည်။ 

"ဒါက အခုမှ အစပဲ ရှိပါသေးတယ်။ ဆုဖလားတွေထပ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ပထမဆုံးဆိုတာကတော့ အမြဲတမ်းထူးခြားပါတယ်။ ကျွန်တော်တို့က ဒီနိုင်ပွဲနဲ့ ထိုက်တန်ပြီး ပွဲကောင်းတစ်ပွဲ ဖန်တီးနိုင်ခဲ့ပါတယ်။ သောမတ်စ်တူဟယ်လ် (နည်းပြဟောင်း)နဲ့ သူ့ရဲ့နည်းပြအဖွဲ့ ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ ဆုဖလား တွေရယူနိုင်ခဲ့လို့ ဒီနေရာမှာ ရှိနေခွင့်ရတာပါ"ဟု ပိုချက်တီနီုက ပြောကြားခဲ့သည်။

ပိုချက်တီနိုသည် PSG အသင်းနည်းပြသစ်အဖြစ် ဇန်နဝါရီလဆန်းတွင် ခန့်အပ်ခံထားရပြီး (၁၁) ရက်အကြာမှာပင် နည်းပြဘဝ ပထမဆုံးဆုဖလား ဆွတ်ခူးရယူနိုင်ခြင်း ဖြစ်သည်။

Most Read

Most Recent