ဒီမိုကရေစီ၏ စံနှုန်းများ

ဒီမိုကရေစီ၏ စံနှုန်းများ
Published 13 January 2021

အမေရိကန် ကဲ့သို့သော ဒီမိုကရေစီ အစဉ်အလာကြီးသည့် နိုင်ငံတွင်ပင် ဒီမိုကရေစီစံတန်ဖိုးများ လူ့အဖွဲ့အစည်းများအတွင်း ခိုင်ခိုင်မာမာရှိနေရေး လုပ်ဆောင်ရန်မလွယ်ကူပေ။ မျက်မှောက် အခြေအနေကိုကြည့်လျှင်လည်း ဗရုတ်သုက္ခဖြင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် မဖြစ်သင့်သော ကိစ္စများဖြစ်နေခြင်းက အမေရိကန်၏ ဒီမိုကရက်တစ်လူ့ဘောင်အတွက် မေးခွန်းထုတ်စရာများဖြစ်နေသည်။ ဒီမိုကရေစီကျင့်စဉ်များကို နားလည်သိမြင်လာရေးအတွက် မလွယ်သကဲ့သို့ ငယ်ရွယ်သော မျိုးဆက်များအပေါ် ဒီမိုကရေစီစံများအတွက်ပညာ ပေးနိုင်ရေးသည် ရအရေးကြီး​ပေသည်။ ဒီမိုကရေစီ၏အရေးကြီးသော စံနှုန်းများကို လေ့လာကြည့်လျှင်

(၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည် - ဒီမိုကရေစီစနစ်ဆိုသည်မှာ အများဆိုင်စနစ်ဖြစ်သည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများက ကိုယ်စားပြုဆောင်ရွက်ရန်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏လုပ်ဆောင်ချက်များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊ မရှိ ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ၏အသံကို နားထောင်ခြင်းအားဖြင့် နိုင်ငံသားများအား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။

(၂) တန်းတူညီမျှ ရှိစေရမည် - လူတိုင်းတွင် အနည်းနှင့်အများ အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်း ပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေ ခံကြရမည်ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကိုမငဲ့ဘဲ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ်ကျသော တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

(၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ထားရှိရမည် - သည်းခံခွင့်လွှတ်စိတ်ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓာတ်ပင်ဖြစ်သည်။ နိုင်ငံ၏အရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီဘက်တော်သားတိုင်းသည် ဒီမိုကရေစီ နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများ မွေးမြူကာ နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

(၄) တာဝန်ယူမှု ရှိရမည် - လူတစ်ဦးချင်းစီက မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများ ပြီးမြောက်အောင် ရလဒ်များ ကောင်းမွန်အောင် လုပ်ဆောင်ကြရမည်ကို သိရှိပြီး မိမိတို့ လုပ်ဆောင်ရမည့်လုပ်ငန်းများအတွက် တာဝန်ယူမှုများ ထားရှိရမည်ဖြစ်သည်။ တာဝန်ယူဆောင်ရွက်နိုင်မှုရှိလေလေ အများယုံကြည်မှု ပိုမိုရရှိနိုင်လေလေ ဖြစ်သည်။

(၅) ပွင့်လင်းမြင်သာမှု ရှိရမည်- နိုင်ငံတိုင်းတွင် အထူးသဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများနှင့် နိုင်ငံသားများကို ကိုယ်စားပြုလျက် အုပ်ချုပ်စီမံ ခန့်ခွဲကြရသူများအကြား ပွင့်လင်းမြင်သာမှုက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး ယင်းက နိုင်ငံသားများနှင့် အစိုးရအကြား ယုံကြည်မှုကို မြဲမြံခိုင်မာစေမည်ဖြစ်သည်။

(၆) လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်မှု ပုံမှန်ရှိရမည် - ဒီမိုကရေစီ နိုင်ငံတိုင်းတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်မှုများကို လေးနှစ်တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြသည်။ ထိုကဲ့သို့သော ရွေးချယ်မှုမျိုးတွင် ပြည်သူလူထု၏ သဘောထားဆန္ဒများအတိုင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး တင်မြှောက်နိုင်ရမည်ဖြစ်သည်။

(၇) စီးပွားရေး လွတ်လပ်ခွင့် ရှိရမည် - နိုင်ငံများတွင် စီးပွားရေးကို သက်ဆိုင်ရာနိုင်ငံ အစိုးရများသည် ထိန်းချုပ်မှုများ ပြုလုပ်သည့်အခါတွင် မလိုလားအပ်သော ကုန်စျေးနှုန်း မြင့်တက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ဒီမိုကရေစီနှင့် တွဲဖက်၍ ဖော်ဆောင်ရမည့် စီးပွားရေးစနစ်သည် လွတ်လပ်သော စျေးကွက်စီးပွားရေးစနစ်ပင် ဖြစ်သည်။

(၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည် -  အာဏာအသုံးချမှုလွဲမှားလျှင် ခြစားမှုများ၊ မတော်မတရားမှုများ ဖြစ်လာနိုင်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်များ၏ သဘောတူညီမှုအတိုင်း လုပ်ဆောင်ကြရမည် ဖြစ်သောကြောင့် လူတစ်ဦးတစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုး မရှိသဖြင့် မတရားမှုများ ပေါ်ပေါက်မည့် အခြေအနေများဖြစ်ပေါ်ခဲ့လျှင် လွှတ်တော်အဆင့်ဆင့်က ထိန်းချုပ်ရမည်ဖြစ်သည်။

(၉) ဥပဒေကို လေးစားလိုက်နာကြရမည် - ဥပဒေက မည်သို့ပင်ရှိစေ၊ လုပ်ချင်သလို လုပ်မည်ဆိုလျှင် ဥပဒေကို မလေးစားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်တွင်သာမက မည်သည့်စနစ်၌မဆို ဥပဒေကို လူတိုင်းလေးစား လိုက်နာကြရမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။

ဒီမိုကရေစီ၏ စံနှုန်းများသည် ရိုးရှင်းပါသည်။ စံနှန်းနှစ်မျိုး Double Standard သို့မဟုတ် စံအမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ ကျင့်သုံးဆက်ဆံလျှင် ဒီမိုကရေစီစစ်မှန်မှုမရှိဖြစ် ပေလိမ့်မည်။ တရားမျှတမှု မရှိသော ကျင့်သုံးအုပ်ချုပ်မှုသာ ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီဟု အသံကောင်းဟစ်လျက် လက်တွေ့ကျင့်သုံးမှုတွင် စံနှုန်းကွဲနေလျှင် ဆိတ်ခေါင်းချိတ်လျက် ခွေးသားရောင်းနေသည်ဟုသာ ဆိုရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီတွင် အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်လာကာ ပြည်သူတို့အတွက် ပြည်သူ့ထံ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သဖြင့် ဒီမိုကရေစီစံတန်ဖိုးများကို အလေးထားသိမှတ် ကျင့်သုံးနိုင်ကြရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent