ရာသီဥတုအခြေအနေကြောင့် ရီးယဲလ်အသင်း မက်ဒရစ်မပြန်ဘဲ စပိန်စူပါဖလားကစားရမည့် မာလာဂါသို့ တိုက်ရိုက်သွားရောက်

ရာသီဥတုအခြေအနေကြောင့် ရီးယဲလ်အသင်း မက်ဒရစ်မပြန်ဘဲ စပိန်စူပါဖလားကစားရမည့် မာလာဂါသို့ တိုက်ရိုက်သွားရောက်
Photos : Real Mardid Twitter, EFE
Photos : Real Mardid Twitter, EFE
Published 12 January 2021

ရီးယဲလ်မက်ဒရစ်အသင်းသည် ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် အိုဆာဆူနာနှင့်ပွဲအပြီးတွင် မက်ဒရစ်သို့မပြန်ဘဲ စပိန်စူပါဖလားပြိုင်ပွဲကစားရမည့် မာလာဂါမြို့သို့ တိုက်ရိုက်သွားရောက်ခဲ့ကြောင်း သိရသည်။

Filomena မုန်တိုင်းတိုက်ခတ်မှုကြောင့် စပိန်နိုင်ငံတစ်ဝန်း ဆီးနှင်းများ ကျဆင်းလျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း ပိုဆိုးလာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ထို့ပြင် မက်ဒရစ်မြို့ရှိ လေဆိပ်ကို ပိတ်ထားရပြီး ဆင်းသက်မှုများ ခွင့်မပြုသောကြောင့် ရီးယဲလ်အသင်းအနေဖြင့် မက်ဒရစ်သို့မပြန်ဘဲ မာလာဂါသို့ တိုက်ရိုက်သွားရောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် စနေနေ့တွင် အိုဆာဆူနာအသင်းနှင့် ယှဉ်ပြိုင်ကစားရန် သောကြာနေ့ကတည်းက ပမ်ပလိုနာမြို့သို့ ကြိုတင်သွားရောက်ခဲ့ရပြီး သုံးညအိပ်စက်၍ တနင်္လာနေ့မှသာ မာလာဂါမြို့သို့သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် စပိန်စူပါဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဖြစ် ဇန်နဝါရီ ၁၄ ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် မာလာဂါမြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပထမပွဲအဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် ဆိုစီဒက်နှင့် ဘာစီလိုနာအသင်းတို့ ကော်ဒိုဘာမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယခုနှစ် စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ သွားရောက်ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါကြောင့် စပိန်နိုင်ငံ၌သာ ကျင်းပရခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို ၃၇ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် ချန်ပီယံဆုကာကွယ်ရမည်ဖြစ်သည်။

Most Read

Most Recent