အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ကာကွယ်ပြောကြားရန် အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ကာကွယ်ပြောကြားရန် အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်
Published 10 January 2021
အောင်မင်းသိန်း

အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံ့ဝန်ထမ်း တစ်ဦးအနေဖြင့် ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ကာကွယ်ပြောကြားရန် အကြောင်းမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ သင်တန်းကျောင်း ခန်းမဆောင်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့သည့် စကားရပ်များကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မည်သို့တုံ့ပြန်ချင်ပါသနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အခုန ကျွန်တော်ဖြေရှင်းတဲ့အထဲမှာလည်း ပါပါတယ်။ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေနဲ့က အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ၊ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ သူတို့ရဲ့ အခက်အခဲတွေကို ဘယ်လိုကူညီဖြေရှင်း ဆောင်ရွက်မလဲ ဆိုတာမျိုးတွေဟာ ပြောသင့်ပြောထိုက်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သတိထားကြည့်လို့ရှိရင် အတိုက်အခံ အဖွဲ့အစည်းအနေနဲ့ ပုဂ္ဂိုလ်ရေးလိုက်ပြီးတော့ အဖွဲ့အစည်းတွေအပေါ်မှာ လိုက်ပြီး ဝေဖန်စော်ကား ပြောဆိုတာ မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အတိုက်အခံပါတီ ဖြစ်တဲ့အတွက် အစိုးရရဲ့ လုပ်ငန်းစဉ်တွေ၊ အားနည်းမှုရှိရင်၊ မှားယွင်းမှုရှိရင် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ကျွန်တော်တို့ ဝေဖန်တယ်။ ထောက်ပြတယ်။ အိတ်ဖွင့်ပေးစာတွေ ပေးတယ်။ ထုတ်ပြန်ချက်တွေ ထုတ်တယ်။ မီဒီယာတွေမှာ ထုတ်ဖော် ပြောကြားတယ်။ ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ပဲ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးမပါဘူး။ အဖွဲ့အစည်းတွေကို ထိခိုက်စရာအကြောင်း ကျွန်တော်တို့ မရှိဘူး။ အတိုက်အခံပါတီ ဖြစ်တဲ့အတွက် အစိုးရကိုပဲ ကျွန်တော်တို့ ဝေဖန်ထောက်ပြတာ ရှိတယ်။ ဆိုတော့ အဲဒီနေ့က သတင်းစာရှင်းလင်းပွဲမှာ ကိုဇော်ဌေးပြောဆို ဆောင်ရွက်သွားတဲ့ကိစ္စတွေဟာ Personal တွေ ပါလာတာ တွေ့ရတယ်။ နောက်တစ်ခါ အဖွဲ့အစည်း၊ ပါတီတစ်ခု၊ သူဟာ နိုင်ငံ့ဝန်ထမ်း ဖြစ်တယ်။ နိုင်ငံ့ဝန်ထမ်း တစ်ယောက်အနေနဲ့ နိုင်ငံရေးပါတီရဲ့ ကိစ္စတွေကို သူ့အနေနဲ့ ပြောစရာအကြောင်း မရှိဘူး” ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက တောင်းဆိုထားခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခြင်းဖြစ်ပြီး ဖြေရှင်းရမည်ကလည်း UEC ၏ တာဝန်ဖြစ်ကြောင်းနှင့် UEC က ဖြေရှင်းမပေးပါကလည်း နိုင်ငံတော်သမ္မတအား ဆက်လက်တင်ပြ တောင်းဆိုသွားဖြစ်ခြင်းကြောင့် တောင်းဆိုချက်ကို နိုင်ငံတော်သမ္မတက ဖြေရှင်းပေးခြင်း ရှိ မရှိကိုသာ ပြောရမည့်တာဝန် ရှိသည်ဟု နားလည်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ဒေါက်တာနန္ဒာလှမြင့်က “ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းမှု အားနည်းတယ်။ Professional မဆန်ဘူး။ ကိုယ့်ရဲ့ အလုပ်ကို ကိုယ်မလုပ်ဘဲနဲ့ အခုနကပြောတဲ့ ပါတီတစ်ခုကို အာဏာရပါတီကို အကာအကွယ်ပေးနေတဲ့ပုံစံ၊ UEC တာဝန်မရှိဘဲနဲ့ UEC ကို မှန်ပါတယ်။ ကျွန်တော်တို့ ပါတီတွေကပဲ ရှုံးမဲ မဲနေတယ် ဆိုတာမျိုး၊ ဟုတ်လား။ မတရားမှုကို ဥပဒေနဲ့အညီ ဖော်ထုတ်ဖို့၊ ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ ကျွန်တော်တို့လို အဖွဲ့အစည်းတွေကို ကျွန်တော်တို့ သိမ်ငယ် နိမ့်ကျသွားအောင် ဟုတ်လား။ လုပ်ကြံပြောဆိုတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဥပဒေနှင့်အညီ ဆောင်ရွက်ဖို့ဆိုတာထက် နောင်ဒီလိုမျိုးပေါ့။ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက်ပဲ ပြောရမယ့်ပုဂ္ဂိုလ်တွေက နိုင်ငံတော်အတွက် ဘာလုပ်ပေးရမယ်။ ဘယ်လိုလုပ်ပေးမယ် ဆိုတာမျိုး ပြောရမယ့် ပုဂ္ဂိုလ်တွေက အာဏာရပါတီကို အကာအကွယ်ပေးတာမျိုး၊ ဥပဒေမဲ့ ဆောင်ရွက်ထားတဲ့ UEC ကို အကာအကွယ် ပေးတာမျိုး လုပ်တာတွေဟာ သံသရာ တစ်ပတ်လည်လာနိုင်တယ်”ဟု ပြောကြားသည်။

မည်သည့် နိုင်ငံရေးပါတီမှ တစ်သက်လုံး အာဏာမရသလို မည်သည့်နိုင်ငံရေး ပါတီမှလည်း တစ်သက်လုံး အတိုက်အခံ မဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးပါတီများ အားကောင်းရန် ကြိုးစားဆောင်ရွက်နေပြီး သူ့ဘက်ကိုယ့်ဘက် ရှိသော်လည်း မိမိတို့အားလုံးသည် နိုင်ငံသားများ ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“ကိုယ့်ပါတီကို ထောက်ခံတဲ့ ပြည်သူလူထုဟာလည်း ကျွန်တော်တို့ရဲ့ ပြည်သူလူထု ဖြစ်သလို။ ကိုယ့်ပါတီကို မထောက်ခံတဲ့ ပြည်သူတွေဟာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံသား ပြည်သူလူထုပဲ ဖြစ်တယ်။ အားလုံးရဲ့ အကျိုးစီးပွားကိုပဲ ကျွန်တော်တို့က အကောင်အထည် ဖော်ကြမှာဖြစ်တယ်။ အဲဒီတော့ ကိုယ့်ပါတီကို ထောက်ခံမှ ကိုယ့်ပြည်သူလူထု၊ ကိုယ့်ပါတီကို မထောက်ခံရင် ကိုယ့်ပြည်သူလူထု မဟုတ်ဘူး ပြောလို့မရပါဘူး။ ကိုယ့်ပြည်သူလူထုကိုပဲ နေ့စားပေးပြီး ခေါ်တယ်။ ဘာသာဝေဖန် နှိမ့်ချပြောဆိုမှုတွေဟာ တချို့နေရာတွေမှာ တချို့တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင်ပြောတာကို ကြားရတဲ့အချိန်မှာ ကျွန်တော်တို့ တော်တော်လေး အံ့သြပါတယ်။ အခုဒီကိစ္စမှာလည်း ဥပဒေအရ ဆောင်ရွက်ဖို့ ဆိုတာထက် ကိုယ့်တာဝန်နဲ့ ကိုယ့်အလုပ်ကို ကိုယ်သိပြီးတော့မှ Ethical ရှိရှိ၊ Professional ဆန်ဆန်ပဲ ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ သတိပေးလိုတာ ဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီလမ်းကြောင်းကို စတင် အကောင်အထည်ဖော်သည့်၊ ဒီမိုကရေစီကို စတင်အသက်သွင်းပြီး လျှောက်ခဲ့သည့် ပါတီဖြစ်ပြီး မိမိတို့ ဖွင့်ပေးသည့် လမ်းကြောင်းပေါ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေး၍ ဥပဒေအချို့ကို ပြင်ဆင်ကာ NLD ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီး ယှဉ်ပြိုင်စေခဲ့ခြင်းကြောင့် ၂၀၁၅ တွင် အစိုးရအထိ ဖြစ်လာကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

“မိမိ အာဏာရလာတဲ့ အချိန်မှာလည်း အခုနကလိုပဲ တရာမျှတမှုရှိရှိ မှန်မှန်ကန်ကန်နဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီးတော့မှ ပြည်သူ့ဆန္ဒအရ ပေါ်ထွက်လာတဲ့ ရလဒ်အတိုင်း ဖွဲ့စည်းမယ့် အစိုးရတွေကို ဖွဲ့စည်းခွင့်ပေးရမှာ ယဉ်ကျေးမှု ဖြစ်ပါတယ်။ အဲဒီယဉ်ကျေးမှုကို ဆက်လက် တည်ဆောက်သွားဖို့ လိုပါတယ်။ ကိုယ်အာဏာရတဲ့အချိန်မှာ ကိုယ့်အာဏာ ဆက်လက် တည်မြဲရေးကို နည်းပေါင်းစုံ သုံးပြီးတော့ မရိုးသားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်ဆိုရင် သမိုင်းရိုင်းလိမ့်မယ်။ ဘယ်တော့မှ ကျွန်တော်တို့အချင်းချင်း စည်းလုံးညီညွတ်မှာ မဟုတ်တော့သလို ယုံကြည်မှုလည်း တည်ဆောက်လို့ ရမှာ မဟုတ်ဘူး။ အဲဒီဒဏ်ကို ကျွန်တော်တို့ ပြည်သူတွေ ခံရမယ်။ နောင်မျိုးဆက်တွေ ခံရမယ်။ နောင်မျိုးဆက်ကို ကျွန်တော်တို့က ကောင်းမွန်တဲ့ အမွေတွေပေးဖို့နဲ့ ကာလတစ်ခုမှာ မြန်မာနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ရင်ပေါင်တန်းနိုင်ဖို့ မြန်မာနိုင်ငံသားတွေ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး လက်မထောင် ခေါင်းမော့ရင်ကော့ပြီး သွားလာနိုင်ဖို့ ကျွန်တော်တို့ ဒီကာလမှာရှိနေတဲ့ နိုင်ငံရေး ရေစီးကြောင်းမှာရှိတဲ့ ကျွန်တော်တို့တွေက ရိုးသားဖို့၊ မှန်ကန်ဖို့၊ သဘောထားကြီးဖို့၊ စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ Platform မတူညီပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အထတွေ ရှိဖို့လိုတယ်”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။