ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မကြာမီရက်ပိုင်းအတွင်း လွှတ်တော်နာယကထံ လက်မှတ်ရေးထိုး တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
ဇန်နဝါရီ ၁၀ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဌာနချုပ်၊ သင်တန်းကျောင်း ခန်းမဆောင်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို မည်သည့်အတွက်ကြောင့် ခေါ်ယူပေးစေချင်သနည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက လွှတ်တော်နာယကကို လက်မှတ်ထိုးပြီးတော့မှ အထူးအစည်းအဝေး ခေါ်ဖို့ တောင်းဆိုရင် နာယကက ခေါ်ယူပေးရမည်တဲ့။ ဆိုတော့ သူက ခေါ်ကိုခေါ်ပေးရမှာ။ မခေါ်ပေးလို့ မရဘူး”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ပထမအကြိမ် လွှတ်တော်အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း၊ ယင်းလွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် နှုတ်ဆက်စကား ပြောကြားခြင်း၊ နိုင်ငံ့အခင်းအကျင်းများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ပထမအကြိမ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအကြားတွင် ရင်းနှီးချစ်ကြည်မှု ရှိခဲ့သည့်အတွက် အစဉ်အလာကောင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ၊ အဆိုများကို ရှိနေသေးပြီး လုပ်ငန်းစဉ် ပြီးပြတ်မှု မရှိသေးသည့်အတွက် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ခေါ်ယူခိုင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒုတိယအကြိမ် လွှတ်တော်သက်တမ်းရဲ့ ကိုယ်စားလှယ်တွေမှာ သူတို့မှာ မေးခွန်းတွေ ရှိသေးတယ်။ အဆိုတွေ ရှိသေးတယ်။ သူတို့ အကောင်အထည် ဖော်ပေးရမယ့် ဒေသအတွက် အကောင်အထည် ဖော်ပေးရမယ့် နိုင်ငံအတွက် မေးမြန်းထားတာတွေ၊ သူတို့ လုပ်ငန်းစဉ်တွေ ဖြတ်ဖို့ ရှိသေးတာပေါ့။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ ဆောင်ရွက်ဖို့တွေ ရှိတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်တွင် သက်ဆိုင်ရာ လွှတ်တော်ရုံး အသီးသီးက ကြေညာခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးကို ခေါ်ယူပေးရန် တောင်းဆိုလာခြင်း ဖြစ်သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတော်သမ္မတ တင်မြှောက်ခြင်းနှင့် အစိုးရသစ် ဖွဲ့စည်းရေးတို့ကို တင်သွင်း၍ အတည်ပြု ဆောင်ရွက်သွားမည် ဖြစ်သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကျပ်အတည်းများကို ဖြေရှင်း ဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်၍ အစိုးရဖွဲ့မည်ဆိုပါက သမိုင်းကောင်းပါ့မလားဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မေးခွန်းထုတ်သည်။
“နောက်တစ်ခုက ဒီကိစ္စမှာလည်း ထူးခြားတာကတော့ မဲမသမာမှုတွေပေါ့။ ဒီမဲမသမာမှုတွေ ရှိနေတာကို ဒီမဲမသမာမှုတွေနဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်မှာ ဆွေးနွေးကြရမယ့် အရေးပေါ်အဆိုတွေ၊ အရေးကြီး အဆိုတင်ပြီးတော့ ဆွေးနွေးကြမယ့်ကိစ္စတွေ ရှိတယ်။ ဒီအကျပ်အတည်းတွေကို မဖြေရှင်းဘဲနဲ့ လွှတ်တော်မှာလည်း ဥပဒေပြုမဏ္ဍိုင်ကလည်း ဒါတွေကို ထိန်းကျောင်းပေးရမယ့် ကိစ္စတွေရှိတယ်။ ဒါတွေကို မဆောင်ရွက်ဘဲနဲ့ ခုနကလို အငြင်းပွားနေတဲ့ကာလ ကိစ္စတွေကို တစ်ခုမှ မဖြေရှင်းဘဲနဲ့ ချက်ချင်းကြီး လွှတ်တော်ခေါ် ချက်ချင်းကြီး အစိုးရဖွဲ့မယ်ဆိုရင် သမိုင်းမှာ ကောင်းပါ့မလားပေါ့။ နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာရင် မကောင်းဘူးလေ။ တိုင်းပြည်နဲ့ ပြည်သူပဲ နာမယ်။ ဒါကြောင့် ဖြေရှင်းပေးရမယ့် တာဝန်ရှိတဲ့ လူတွေဟာ ဖြေရှင်းပေးလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ပြောချင်တာ” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ခေါ်ယူခဲ့ခြင်းမရှိပါက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တတိယအကြိမ် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ရှိ မရှိနှင့် ပတ်သက်၍ မေးမြန်းရာတွင် ရွေးကောက်ပွဲ မဲမသမာမှုများကို တာဝန်ရှိပုဂ္ဂိုလ်များ၏ ဖြေရှင်းဆောင်ရွက်မှုအပေါ်၌ မူတည်ကြောင်း ဒေါက်တာနန္ဒလှမြင့်က ပြန်လည်ဖြေကြားသည်။