အစိုးရ၏ နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်ကျဉ်းမြောင်းမှု အမျိုးသားပြန်လည်သင့်မြတ်ရေး အလှမ်းဝေးနိုင်ဟု AAPP ဝေဖန်

အစိုးရ၏ နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်ကျဉ်းမြောင်းမှု အမျိုးသားပြန်လည်သင့်မြတ်ရေး အလှမ်းဝေးနိုင်ဟု AAPP ဝေဖန်
Published 9 January 2021
ဉာဏ်လင်းထွန်း

အစိုးရ၏ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများနှင့် နှိုင်းယှဉ်လျှင် အလွန်ကျဉ်းမြောင်းကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဝေဖန်ပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံရေးယုံကြည်ချက်အရ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ပြီး ဖမ်းဆီးခံရသူကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအပေါ် AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ အခုလိုအစိုးရက ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဖွင့်ဆိုပြီးတော့ အလုပ်လုပ်နေတယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက အလှမ်းဝေးနေဦးမယ်။ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်။ ရှိနေတဲ့ပြဿနာတွေက ပိုဆိုးလာနိုင်တဲ့အနေအထားမျိုးမှာ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောကြားသည်။

ပြည်သူရွေးကောက်တင်မြှောက်ထားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသည့် လက်ရှိအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြားသွားသည့် နိုင်ငံရေး အကျဉ်းသားဖွင့်ဆိုချက်အပေါ် စိတ်ပျက်မိကြောင်း ဦးဘိုကြည်က ဆိုသည်။

“ ဒီလိုကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ ဖွဲ့ဆိုထားတာက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အတော်ကို အလှမ်းဝေးနေသေးတယ်ဆိုတာကို ပြသရာရောက်တယ်” ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိဖြစ်စဉ်များအရ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်ပေါ်ပေါက်လာရန် ကြိုးစားရမည်ဖြစ်ပြီး ယင်းသို့ကြိုးစားရာတွင်အစိုးရနှင့် လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်ဆွေးနွေးသင့်ကြောင်း ၎င်းက ဆိုသည်။

“ အဲလိုဆွေးနွေးတော့မှ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်လာလိမ့်မယ်” ဟု ဦးဘိုကြည်က ပြောကြားသည်။

အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား ပြဿနာကို အမှန်တကယ်ဖြေရှင်းလိုပါက ဥပဒေဆိုင်ရာ  ပြုပြင်ပြောင်းလဲမှုများ၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်ပြီး ယင်းသို့လုပ်ဆောင်မှသာ နိုင်ငံရေးအကျဉ်းသား ပြဿနာလျော့ကျမည်ဟု ၎င်းက ပြောကြားသည်။

“လွတ်လပ်စွာပြောဆိုလို့ အစိုးရကို ဝေဖန်လို့ တပ်မတော်ကိုဝေဖန်လို့ ဖမ်းဆီးတယ်ဆိုတဲ့ဟာက တခြားဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုမျိုးတွေမရှိဘူး။ ဒီလိုမျိုး ဝေဖန်တာက ရာဇဝတ်မှု ဖြစ်နေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုက နှေးကွေးနေလွန်းတယ်လို့ သုံးသပ်ရမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။

ထို့ပြင် အင်္ဂလိပ်အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သည့် မတရားအသင်းဥပဒေ ယခုအချိန်အထိရှိနေသေးသလို၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ စသည်တို့သည် ပြည်သူလူထု၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို အားပေးရာမရောက်ဘဲ ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများဖြစ်နေကြောင်း ဦးဘိုကြည်က ပြောကြားသည်။

လက်ရှိတွင် AAPP အနေဖြင့် အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းများနှင့် ၂၀၁၄ ခုနှစ်က နိုင်ငံရေးအကျဉ်းသားနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကိုင်စွဲဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။