ရွေးကောက်ပွဲပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့် အခြေအနေများနှင့် မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရွေးကောက်ပွဲပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့် အခြေအနေများနှင့် မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 9 January 2021

ရွေးကောက်ပွဲပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့် အခြေအနေများနှင့် မရိုးသားမှုများကိုတွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် ဇန်နဝါရီ ၈ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာမီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း လွတ်လွတ်လပ်လပ်ဖြင့် ဆန္ဒမဲများပေးနိုင်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာတွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများမှာ မသင့်တော်ကြောင်းနှင့် ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက်ပြရခြင်းမှာ မိမိတို့နိုင်ငံရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် ဝေဖန်ထောက်ပြနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် မကြာမီ လွှတ်တော်အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ခြင်း မရှိသေးသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ဇန်နဝါရီ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လက်ရှိတွင် တပ်မတော်က တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်တွင် မဲစာရင်းများ ပြန်စိစစ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းနှင့် စိစစ်တွေ့ရှိသည့် မဲစာရင်းအရေအတွက်၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း၊ မဲသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း စသည်တို့ကို ထုတ်ပြန်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်အထိ  ၁၂ ကြိမ်မြောက် ရှိပြီဖြစ်သည်။