ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းနိုင်သည့်နေရာများတွင် အစိုးရအနေဖြင့် ရွေးကောက်ပွဲဖြစ်စေချင်သော်လည်း လုပ်ငန်းစဉ်နှင့် ပြဿနာများစွာရှိသဖြင့် ပြီးပြီးရောလုပ်၍မရကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၈ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ထုတ်ပြန်မှုအပေါ် အစိုးရ၏သဘောထားနှင့် ရွေးကောက်ပွဲကော်မရှင်က အဆိုပါဒေသများတွင် ရွေးကောက်ပွဲကျင်းပရန် အစိုးရထံ လုံခြုံရေးသဘောထားတောင်းခံမှု ရှိ မရှိ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
“ထုတ်ပြန်တာလည်း တွေ့ပါတယ်။ ကျွန်တော်တို့အစိုးရပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် သမ္မတရဲ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာရှိပါတယ်။ နောက်တစ်ခါ NRPC က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ရှိပါတယ်။ အဲဒီမှာလည်း ဒီရွေးကောက်ပွဲမကျင်းပရတဲ့ ဒေသတွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ တိုက်တွန်းထားတာရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စသည် AA အဖွဲ့အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးတွင်ပါဝင်လာမည်ဖြစ်သဖြင့် ယင်းလေးဖွဲ့နှင့် အမြန်တွေ့ဆုံဆွေးနွေးနိုင်ရန် ဇန်နဝါရီဒုတိယပတ်တွင် တွေ့ဆုံရေး အစိုးရဘက်မှအဆိုပြုထားပြီး ၎င်းတို့လေးဖွဲ့အတွင်း၌လည်း ယခုအပတ်တွင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း မျက်ခြေပြတ်၍မရဘဲ မည်သည့် ကတိကဝတ်မှမရရှိဘဲ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ဆောင်၍မရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ လွှတ်တော်အစည်းအဝေးမစတင်မီအနည်းဆုံး ၂၁ ရက် ကိုယ်စားလှယ်ကိုကြိုတင်ဖိတ်ရတယ်။ အဲဒီကျတော့ ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်ကျင်းပရမယ့်အတွက် သူတို့ခေါ်နေတာဖြစ်တယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်နေတာပေါ့နော်။ ဒီအပေါ်မှာ ဒီလိုမျိုးလွှတ်တော်တွေခေါ်နေပြီဆိုပြီး စိုးရိမ်စရာမရှိပါဘူး။ ကျွန်တော်တို့က ဥပဒေအရလုပ်ရမယ့်အချိန်မှာလည်း ကျန်တဲ့ဒေသတွေအများကြီး လစ်လပ်သွားတဲ့ဟာတွေရှိမယ်ပေါ့နော်။ လစ်လပ်မဲဆန္ဒနယ်တွေနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းချက်တွေရှိတယ်။ ဒါက UEC ဆုံးဖြတ်ဆောင်ရွက်မှာဖြစ်တယ်။ UEC က ပြောထားပြီးဖြစ်တယ်။ အဲဒီကျတော့ အစိုးရပိုင်းက နံပတ် ၁ ဖြစ်စေချင်တယ်။ နံပတ် ၂ ဒီအတိုင်း ပြီးပြီးရောလုပ်လို့မရဘူး။ ဒီ Process တွေ ခိုင်ခိုင်မာမာလုပ်ဖို့အတွက် ကျွန်တော်တို့ကြားမှာ ခိုင်မာတဲ့သဘောတူညီချက်တွေရဖို့လိုတယ်။ အဲဒါ ဘာလည်းဆိုတော့ လေးဖွဲ့နဲ့လုပ်တဲ့အဆင့်သုံးဆင့်ပဲ။ ဒီအဆင့်သုံးဆင့်ကို မြန်မြန်သွားဖို့လိုတယ်။ Bilateral သဘောတူညီချက်ရပြီးထိုးတာကတစ်ပိုင်း။ အဲဒီမှာ Issue တစ်ခုချင်းတစ်ခုချင်း ရှင်းရမှာ။ IDP ကိစ္စရှိမယ်။ ရွေးကောက်ပွဲမ ကျင်းတဲ့ဒေသရွေးကောက်ပွဲကျင်းပတဲ့ကိစ္စရှိမယ်။ ပြီးရင် တပ်နေရာချထားရေးကိစ္စရှိမယ်။ တိုက်ပွဲမဖြစ်အောင် ရှောင်ရှားရေးစသည်ဖြင့်ပေါ့နော်။ တစ်ခုချင်း၊ တစ်ခုချင်း ကျွန်တော်တို့သဘောတူညီပြီးသွားရင် သဘောတူညီချက်အရလုပ်လို့ရတယ်။ အဲဒီတော့ Peace Process ကိုလည်း ကျွန်တော်တို့က မခြေပျက်လို့မရဘူး။ ဒီလိုမျိုးကတိကဝတ်မရှိဘဲ သွားလုပ်လို့မရဘူး။ လတ်တလောမှာတော့ ကျွန်တော်တို့သိသလောက်က နှစ်ဖက်လုံး Ceasefire အနေအထားကို ဆက်ပြီးထိန်းသိမ်းထားတယ်ဆိုတာသိတယ်။ ဒါကောင်းတယ်။ ဆက်ပြီးထိန်းပါ။ ပြီးရင် အစိုးရပိုင်းက တာဝန်ယူဆောင်ရွက်ရမယ့်အပိုင်းတွေရှိတယ်။ UEC အပိုင်းက တာဝန်ယူ ဆောင်ရွက်ရမယ့်အပိုင်းတွေရှိတယ်။ ဒီအပိုင်းတွေ ဆက်ပြီးညှိနှိုင်းသွားရင် ခုနကပြောတဲ့ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးတော့ဘူးပေါ့နော်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
ရွေးကောက်ပွဲမကျင်းနိုင်သည့် ဒေသများတွင် အထူးသဖြင့် လုံခြုံရေးပိုင်းဆိုင်ရာ အာမခံချက်မရသည့်အတွက် ကျန်ခဲ့ခြင်းဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် လုံခြုံရေးဆိုင်ရာ အာမခံချက်လည်းလိုကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည်များစွာရှိပြီး မဲစာရင်းပြုစုခြင်းနှင့် ရခိုင်ဒေသတွင် ရပ်ကျေးအုပ်ချုပ်မှူးများ မရှိခြင်းစသည်ဖြင့် အခြေအနေများလည်းရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
လက်ရှိတွင် ရခိုင်ဒေသ၌တိုက်ပွဲများကို နားလည်မှုနှင့် ရပ်ထားသည့်အနေအထားဖြစ်ပြီး ယခုအနေအထား၌ပင် ပြည်သူများအဆင်ပြေကြကြောင်း၊ တိုက်ပွဲရှောင် ၁၈၀၀၀၀ ရှိသည့်အနက် ရှစ်သောင်းသည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း၊ သို့သော်တိုက်ပွဲရှောင်စခန်းရှိသူများ မဲပေးရေးကိစ္စရပ်များအတွက် ချက်ခြင်းလုပ်ဆောင်ရန် အဆင်မပြေကြောင်း ၎င်းက ဆိုသည်။
“ဥပမာ မဲပေးမယ်ဆိုရင် အဲဒီ IDP မှာ ရှိတဲ့သူတွေ ဘယ်လိုမဲပေးမလဲဆိုတဲ့ ပြဿနာကအများကြီးပေါ့နော်။ ဒါက ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ရမယ့်ကိစ္စတွေက အများကြီးရှိတယ်။ အဲဒီတော့ ဒီအပိုင်းတွေက ချက်ခြင်းလက်ငင်း လုပ်ဆိုလုပ်ဖို့ အဆင်မပြေဘူး။ အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့က ပါဝင်ယှဉ်ပြိုင်တဲ့ သူတွေကလည်း တန်းတူရည်တူယှဉ်ပြိုင်ခွင့် ရှိရမယ်။ ပါတီတစ်ခုတည်းအလေးသာတဲ့ဟာ မျိုးမဖြစ်ရဘူး။ မဲပေးမယ့်ပြည်သူကလည်း ကိုယ်ကြိုက်တဲ့ပါတီကို ကိုယ့်ဆန္ဒနဲ့အညီ မဲပေးနိုင်တဲ့အနေအထားရှိရမယ်။ ဒါမှာလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ပေါ့နော်။ ဒီအနေအထားမှာ မဲဆွယ်စည်းရုံးရမယ့် အချိန်တွေရှိသေးတယ်။ ကျွန်တော်တို့လုံခြုံရေးကြောင့် ဘာမှလည်းမလုပ်နိုင်ဘူး။ အဲဒီဒေသတွေ။ လုပ်နိုင်တဲ့သူကတော့ လုပ်နိုင်ကောင်းလုပ်နိုင်မယ်။ ကျန်တဲ့သူတွေကော Level Play Field ပေးရမယ်။ တန်းတူအခွင့်အရေးပေးရမယ်။ ဒါမျိုးတွေလုပ်ငန်းစဉ်တွေ ရှိတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။
အစိုးရပိုင်းအနေဖြင့် COVID-19 ကာလဖြစ်သည့်အတွက် မဲပေးချိန်တွင် ရောဂါကူး စက်ပြန့်ပွားမှုများ Outbreak မဖြစ်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘေးတိုက်ကူရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို မည်သို့လုပ်ဆောင်ပါဟုပြော၍မရကြောင်း၊ ကော်မရှင်သည် Independent ဖြစ်ကြောင်း၊ လက်ရှိတွင် သမ္မတရုံးနှင့် ကော်မရှင်သို့ လုံခြုံရေးပိုင်းဆိုင်ရာအာမခံသည့် သဘောထားကို မည်သည့်ဌာနကမှ ပေးလာခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။