မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် တပ်နေရာချထားရေးကို တစ်ဖွဲ့ချင်းအလိုက် Bilateral ရေးထိုးမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြား

မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် တပ်နေရာချထားရေးကို တစ်ဖွဲ့ချင်းအလိုက် Bilateral ရေးထိုးမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ပြောကြား
Published 8 January 2021
မင်းနိုင်စိုး

မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် တပ်နေရာချထားရေးအား တစ်ဖွဲ့ချင်းအလိုက် Bilateral လက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မြောက်ပိုင်းလေးဖွဲ့နှင့် ပတ်သက်၍ ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ ကျွန်တော်တို့ မြောက်ပိုင်းလေးဖွဲ့နဲ့ဆွေးနွေးဖို့ Ready ဖြစ်နေပြီပေါ့နော်။ ကျွန်တော်တို့ဘက်က Ready ဖြစ်နေပြီ။ မြောက်ပိုင်းလေးဖွဲ့ဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့သဘောဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့ဖြစ်သော ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့နှင့် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုများပြုလုပ်နေပြီး ယခုလ ဒုတိယပတ်တွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် အစိုးရက ကမ်းလှမ်းထားကြောင်း သိရသည်။

ထိုသို့ အစိုးရဘက်က ကမ်းလှမ်းထားမှုနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့အကြားတွင် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်နေပြီဟုယူဆရပြီး ယခုလအတွင်း တွေ့ဆုံဆွေးနွေးပွဲဖြစ်နိုင်ကြောင်း အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြားတွင် တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့် မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောကြားထားသည်။

အစိုးရအနေဖြင့် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ဖွဲ့ချင်းအလိုက်ရေးထိုးသွားမည်ဖြစ်ပြီး ထိုသို့တစ်ဖွဲ့ချင်းအလိုက် ဆောင်ရွက်ရာတွင် စစ်ဘေးရှောင်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်သေးသော ဒေသများ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စများလည်း ပါဝင်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်၍ ထိရောက်ခိုင်မာသော အပစ်အခတ်ရပ်စဲရေးဖြစ်ရေးအတွက် မည်သို့ လုပ်ဆောင်ကြမည်ဆိုသည့် အကြောင်းအရာသည်လည်း Bilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်ရှားနိုင်ရေးအတွက် သဘောတူညီချက်များရရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

အကယ်၍ ရရှိထားသောသဘောတူညီချက်များကို တစ်ဖက်ဖက်က ချိုးဖောက်မှုများ ရှိလာခဲ့ပါက မည်သို့ ဆောင်ရွက်ကြမည်ဆိုသည့် ပဋိပက္ခဖြေရှင်းရေးများသည်လည်း Bilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“တိုက်ပွဲတွေ မဖြစ်ပွားရေးအတွက် တပ်နေရာချထားရေးကိစ္စပေါ့။ ဥပမာ KIA တပ်တွေက ဘယ်နေရာမှာရှိမယ်။ တပ်မတော်ရဲ့တပ်တွေက ဘယ်နေရာမှာရှိမယ်။ ဒီလိုမျိုးပေါ့နော်။ နေရာတွေ သတ်မှတ်မယ်။ အထူးသဖြင့် ဒီမြောက်ပိုင်းလေးဖွဲ့မှာပါဝင်တဲ့အဖွဲ့တွေနဲ့ ဒါတွေကကျတော့ နယ်မြေကိစ္စတွေကျရင်တော့ တစ်ဖွဲ့ချင်း သွားရမှာပေါ့နော်။ တစ်ဖွဲ့ချင်းသွားမယ်။ တစ်ဖွဲ့ချင်းသွားပြီးရင် တစ်ဖွဲ့ချင်းသဘောတူညီချက်တွေ ယူမယ်။ ယူပြီးရင် တစ်ဖွဲ့ချင်း Bilateral ကျွန်တော်တို့ လက်မှတ်ထိုးမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးပါက တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးညှိနှိုင်းသည့်အဆင့်သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုအဆင့်ပြီးပါက မြောက်ပိုင်းလေးဖွဲ့နှင့် NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့ပါဝင်သော “၀” အဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (EPNCC) တို့ကကြိုဆိုကြောင်းနှင့် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း အပြုသဘောဆောင်သည့် ကြေညာချက်များ ထုတ်ပြန်ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ လာမည့်ဆွေးနွေးပွဲများတွင် ဆွေးနွေးမှုပုံစံများသည် ယခင်ဆွေးနွေးမှုပုံစုံများနှင့် အနည်းငယ်ကွာခြားသွားနိုင်ကြောင်းနှင့် ထိုသို့ဆွေးနွေးမှုကွာခြားသွားနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပိုင်းတွင် ဘုံသဘောထားရရှိအောင် ဆွေးနွေးထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

 

Most Read

Most Recent