အခြေခံပညာကျောင်းများ ခွင့်ပြုချက်ရသည့်အချိန်တွင် ပြန်ဖွင့်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက The Daily Eleven သို့ ပြောကြားသည်။
လက်ရှိတွင် စောင့်ကြည့်နေသည့်အချိန် ကာလဖြစ်ကာ မည်သည့်အချိန်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ကို မပြောနိုင်သေးဘဲ ပြန်လည်ဖွင့်လှစ်တော့ မည်ဆိုပါက ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက ပြောကြားသည်။
“သတ်မှတ်ချက်ထားတဲ့ အချက် ၈၀ ကိုကြည့်ရင် ဖွင့်ခွင့်ရဖို့အတွက် ကြိုပြင်ဆင်တာတွေကို စောစောလုပ်ထားတာပါ။ ဖွင့်ခါနီးမှပြင်ဆင်ရင် တော်ကြာ အချိန်မရဘူးဆိုတာ ဖြစ်မှာစိုးလို့ အခုကြိုပြင်ဆင် ခိုင်းထားတာပါ” ဟု ဦးကိုလေးဝင်းက ပြောကြားသည်။
ယခင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက် တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကိုဗစ်တားဆီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အချက် ၈၀ ပါသည့် Check List ဖြင့် စစ်ဆေးခဲ့ပြီး ယခုကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အတွက်လည်း ယခင်ကပုံစံအတိုင်းပဲ Check List အချက် ၈၀ ဖြင့် စစ်ဆေးပြီး ကျောင်းများကို အဆင့်များ သတ်မှတ်၍ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်။
“အရင်တုန်းက ဇူလိုင် ၂၁ မှာ ဆရာတို့ ဖွင့်ခဲ့တုန်းက ပြင်ဆင်တဲ့အတိုင်းပဲ ပြင်ဆင်ရမှာပါ။ အဆင့် A,B ဆိုတာက အခုမှပေါ်တာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အဲဒီအတိုင်းပဲ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အတူတူပဲ။ ဆရာတို့ အရင်တုန်းက အချက်အလက် ၈၀ ရှိတယ်။ အဲဒီ ၈၀ နဲ့ သတ်မှတ်ချက်တွေကြည့်ရင် ဖွင့်ခွင့်ရဖို့အတွက် ကြိုပြင်ဆင်တာတွေကို စောစောလုပ်ထားတာပါ။ ဖွင့်ခါနီးမှ ပြင်ဆင်ရင် တော်ကြာအချိန်မရဘူးဆိုတာ ဖြစ်မှာစိုးလို့ အခုကြိုပြင်ဆင် ခိုင်းထားတာပါ” ဟု အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုလေးဝင်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် အဆင်သင့်ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်သည်များကို ညွှန်ကြားထားသည်ဟု ဦးကိုလေးဝင်းက ဆိုသည်။
“ပြင်ဆင်စရာတွေကို ပြင်ဆင်ဖို့ပဲ လုပ်ခိုင်းထားတယ်။ ဘယ်နေ့ဖွင့်မယ် ဆိုတာကိုတော့ ညွှန်ကြားချက် ဘာမှမထုတ်ထားပါဘူး။ အဆင့်သင့်ဖြစ်အောင်ပဲ ပြင်ဆင်ခိုင်းတာပါ။ ကြိုတင်ပြင်ဆင်ပြီးတော့မှ ဖွင့်ဆိုတဲ့ အချိန်မှာ အဆင့်သင့်ဖွင့်လို့ရအောင် လုပ်ထားဖို့ပဲ။ ဆရာဆရာမတွေကော၊ ကျောင်းက ကျောင်းအုပ်တွေကော၊ နောက် ကျေးရွာပြည်သူလူထုရှိတယ်။ ဒါတွေက ပေါင်းပြီးတော့ လုပ်မှရမှာ။ အဲဒါပဲ ပြောချင်ပါတယ်။ ကျန်တာတော့ သီးခြားပြောစရာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်က စတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်း စုစုပေါင်း ကျောင်းပေါင်း ၆၅၂၆ ကျောင်းကို ပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။
တစ်နိုင်ငံလုံးရှိ အခြေခံပညာ အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပြီး တစ်လကျော် အကြာတွင် ပြည်တွင်းကူးစက်မှုများ ရှိလာ၍ ပြန်လည် ပိတ်ရခြင်းဖြစ်သည်။















