နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် သုံးခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ မီးရှို့ဖျက်ဆီး

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲများတွင် သုံးခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ မီးရှို့ဖျက်ဆီး
Published 7 January 2021
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂၀၁၅ ခုနစ် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲများက အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံး ပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှုး ဒေါ်သန်းသန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံး ပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ရမှုသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားစာအရ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ညွှန်ကြားစာအရ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ညွှန်ကြားစာမှာဆိုရင် ၂၀၁၅ ခုနစ် အထွေထွေ ရွေးကောက်ပွဲရယ် ၂၀၁၇ ခုနစ်နဲ့ ၂၀၁၈ ခုနစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ ဆန္ဒမဲလက်မှတ်တွေရယ် မဲရုံသုံးပစ္စည်းတွေရယ် အထောက်အကူပြု ပစ္စည်းတွေကို စာရွက်စာတမ်း နည်းဥပဒေ ၈၆ ခ အရ ကျမတို့က မီးရှို့ဖျက်ဆီးရတာပါရှင့်။ ဉပဒေအရ ပြီးခဲ့တဲ့ သက်တမ်းက ဥစ္စာတွေကို ငါးနှစ်တစ်ကြိမ် ပြန်ပြီးတော့ မီးရှို့ဖျက်ဆီးရတာပါ” ဟု နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေးရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ရှိ ၂၀၁၅ ခုနစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနစ်နှင့် ၂၀၁၈ ခုနစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ရှိ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ အပါအဝင် မဲရုံသုံးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများကို ထပ်မံမီးရှို့ဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။

လဟယ်မြို့နယ်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် အထုတ်ရေမှာ ပြည်သူ့လွှတ်တော် နေရာအတွက် ၇၈ ထုတ်၊ အမျိုးသားလွှတ်တော် နေရာအတွက် ၇၈ ထုတ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း (၁) နေရာအတွက် ၄၄ ထုတ်၊ တိုင်း (၂) နေရာအတွက် ၃၇ ထုတ်တို့ဖြစ်ကြောင်း သိရသည်။

အလားတူ လေရှီးမြို့နယ်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် အထုတ်ရေမှာ ပြည်သူ့လွှတ်​တော် နေရာအတွက် ၄၈ ထုတ်၊ အမျိုးသားလွှတ်တော် နေရာအတွက် ၄၈ ထုတ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း (၁) နေရာအတွက် ၂၈ ထုတ်၊ တိုင်း (၂) နေရာအတွက် ၂၀ ထုတ်တို့ဖြစ်ကြောင်း နန်းယွန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ၇၄ ထုတ်၊ အမျိုးသားလွှတ်တော် နေရာအတွက် ၇၄ ထုတ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း (၁) နေရာအတွက် ၃၉ ထုတ်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်း (၂) နေရာအတွက် ၃၅ ထုတ်တို့ကို မီးရှို့ဖျက်ဆီး သွားမည် ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

 

Most Read

Most Recent