ထိုင်းနိုင်ငံ မဟာချိုင်ရှိ COVID-19 ရောဂါကူးစက်ခံနေရသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ယာယီဆေးရုံများသို့ ပြောင်းရွှေ့

ထိုင်းနိုင်ငံ မဟာချိုင်ရှိ COVID-19 ရောဂါကူးစက်ခံနေရသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ယာယီဆေးရုံများသို့ ပြောင်းရွှေ့
COVID-19 ကူးစက်ခံနေရသူများကို ထိုင်းစစ်ကားများဖြင့် ယာယီဆေးရုံများသို့ ခေါ်ဆောင်နေစဉ် (ဓာတ်ပုံ-ရဲမင်း (AAC) )
COVID-19 ကူးစက်ခံနေရသူများကို ထိုင်းစစ်ကားများဖြင့် ယာယီဆေးရုံများသို့ ခေါ်ဆောင်နေစဉ် (ဓာတ်ပုံ-ရဲမင်း (AAC) )
Published 7 January 2021
လွင်မျိုးသူ

ထိုင်းနိုင်ငံ မဟာချိုင်ရှိ COVID-19 ရောဂါကူးစက်ခံနေရသော မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ယာယီ ဆေးရုံများသို့ ရွှေ့ပြောင်းထားကြောင်း မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောကြားသည်။

မဟာချိုင်ဒေသ သလာ့ကုန်ပုစွန်စျေးရှိ COVID-19 ရောဂါကူးစက်ခံနေရသည့် ရွှေ့ပြောင်းအလုပ်သမားများကို ယာယီဆေးရုံများသို့ ဇန်နဝါရီလ အစောပိုင်းမှစ၍ ပို့ဆောင်နေကြောင်း သိရသည်။

ဇန်နဝါရီ  ၄ ရက်တွင် COVID-19 ကူးစက်ခံရသည့် မြန်မာလုပ်သား ၃၀ ကျော်ကို ဆေးရုံတွင် မထားတော့ဘဲ Lockdown ချထားသည့်ဝင်းတွင် ပြန်လည်လာရောက် ထားသောကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Lockdown ချထားသည့် မဟာချိုင်ဒေသ သလာ့ကုန်ပုစွန်စျေးတွင် COVID-19 ပိုးတွေ့သူနှင့် ရောနှော နေထိုင်ခြင်းကို စတင်ခွဲထုတ်နေပြီဖြစ်ကြောင်း သိရသည်။

အဖြူ၊ အမည်းနှင့် အနီရောင်ဟူ၍ အရောင်သုံးရောင်ခွဲပြီး ခွဲထုတ်မည်ဖြစ်သည်။

COVID-19 ပိုးမကူးစက်ခံရသေးသူများကို အဖြူရောင်၊ ပိုးကူးစက်ခံနေရပြီး ဆေးရုံကို လိုက်မရမည့်သူသည် အနီရောင်နှင့် အမည်းရောင်သည် ကူးစက်ခံရပြီး ပြန်လည်သက်သာသူများ ဖြစ်ကြောင်း သိရသည်။

တစ်ကျော့ပြန် COVID-19 ပိုးကူးစက်ခံရသည့် ထိုင်းနိုင်ငံ မဟာချိုင်ကို ဒီဇင်ဘာ ၂၁ ရက်မှစတင်ပြီး Lockdown ချခဲ့ပြီး ဇန်နဝါရီ ၄ ရက်တွင်လည်း ထပ်မံ၍ Lockdown ချလိုက်ကြောင်း သိရသည်။

စမွတ်စခွန်ခရိုင်အတွင်း COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်ကန့်သတ်နိုင်ရေးအတွက် နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ခရိုင်အတွင်း ဝင်၊ ထွက် သွားလာမှုမပြုရန် အမိန့် ကြေညာချက်အရ ဝင်၊ ထွက်ခွင့် ကန့်သတ်ခဲ့သည်။

စမွတ်စခွန်ခရိုင်တွင် မြန်မာလုပ်သား ၄၀၀၀ ကျော် ပိတ်မိနေကြောင်း မြန်မာနိုင်ငံခြားရေးရာ ဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် COVID-19 ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်အထိ ရှိလာကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီ ၃ ရက်အထိ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် တစ်ကျော့ပြန် COVID-19 ကူးစက်ခံရသူ ၁၉၀၀ ကျော်ရှိရာ ယင်းတို့အနက် ၁၇၀၀ ကျော်သည် မြန်မာရွှေ့ပြောင်း လုပ်သားများဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် စမွတ်စခွန်ခရိုင်ရှိ ပုစွန်စျေးကြီး၌ အသက် ၆၈ နှစ်အရွယ် ထိုင်းနိုင်ငံသူ တစ်ဦးသည် စတင်ဖျားနာပြီး စစ်ဆေးကြည့်ရာ COVID-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အဆိုပါ ဒေသတွင် ရောဂါ စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တစ်ကျော့ပြန် ဖြစ်ပွားနေသည့် COVID-19 ရောဂါပျံ့နှံ့မှုသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံးနေထိုင်သည့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ပျံ့နှံ့နေကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်ဒေသသည် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု နေထိုင်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ထိုင်းလူမျိုးများ ဖြစ်ကြောင်း သိရသည်။

စမွတ်စခွန်ခရိုင်မှ စတင်ဖြစ်ပွားမှုသည် ယခုအခါ ဖူးခက်၊ ကိုရတ်၊ စမွတ်ပါရာကန်၊ နခုံပထုံ၊ ရတ်ချ်ဘူရီ၊ စူဖန်ဘူရီ၊ စမွတ်ပရာကန်၊ ဘန်ကောက်တို့အထိ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

စမွတ်စခွန်ခရိုင်နှင့် နီးစပ်သည့် ခရိုင်တချို့ကလည်း ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများရှိသည့် လုပ်ငန်းခွင်များတွင် စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ညွှန်ကြားကြသည်။

 

Most Read

Most Recent