ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်းဘက်ခြမ်း) ခုံးကျော်တံတားသစ်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိအသုံးပြုလျက်ရှိသော ရထားလမ်း ခုံးကျော်တံတားအမှတ် ၂ အင်းစိန်နှင့် ဆက်သွယ်ကာ ခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း) အား တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတံတားလက်တက်သည် ယခင် အင်းစိန်မီးရထားခုံးကျော်တံတားကြီးအား ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်းအတိုင်း ဆက်စပ်ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်သည်။ စီမံကိန်းသည် အောက်ခံ Bored Pile Foundation ဖြစ်ကာ RC Girder နှင့် Streel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်းတံတား ဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတားအရှည် ၁၂၃ ပေရှိသည်။ အကျယ်သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်း ပလက်ဖောင်းပါဝင်ကာ ကား အဆင်းတစ်လမ်းသွား အကျယ် ၁၆ ပေ ရှိပြီး တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံးနေရာ၌ ၁၈ ပေမြင့်သည်။ စီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအင်းစိန်ခုံးကျော်တံတား မင်းကြီးလမ်း ဘက်ခြမ်းလက်တက်တံတားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား (မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်းအလုပ်ရုံ (မလွှကုန်း) ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်သည်။ အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားအရှည်မှာ ၄၄၁ ပေရှိပြီး ချဉ်းကပ်လမ်းအရှည်မှာ ၁၁၂ ပေ ကိုးလက်မရှိကြောင်း သိရသည်။
လမ်းသစ်လမ်းဘက်မှ မင်းကြီးလမ်းဘက်သို့ အကျယ် ၁၆ ပေရှိသော အဆင်း ယာဉ်သွားလမ်း တစ်လမ်း ပါဝင်ပြီး တစ်ဖက်လျှင် အကျယ်သုံးပေစီရှိသည့် လူသွားပလက်ဖောင်းများ ထည့်သွင်းတည်ဆောက်ထားကာ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ် အလေးချိန် တန် ၇၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့မီးရထားမှ ကြီးကြပ်ဆောင်ရွက်၍ A1 ဆောက်လုပ်ရေးမှ တည်ဆောက်ပြီး Streel Bos Dirder များကို J&M ကုမ္ပဏီမှ ထုတ်လုပ်တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။















