လွတ်လပ်ရေးနေ့တွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားဖြင့် ကိုကိုးကျွန်းမြို့နယ်အား ၂၄ နာရီ လျှပ်စစ်မီး စတင်ပေး

လွတ်လပ်ရေးနေ့တွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားဖြင့် ကိုကိုးကျွန်းမြို့နယ်အား ၂၄ နာရီ လျှပ်စစ်မီး စတင်ပေး
ကိုကိုးကျွန်းမြို့နယ်တစ်ခုလုံးအား လျှပ်စစ်မီးထုတ်လွှတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း)
ကိုကိုးကျွန်းမြို့နယ်တစ်ခုလုံးအား လျှပ်စစ်မီးထုတ်လွှတ်ပေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း)
Published 4 January 2021

လွတ်လပ်ရေးနေ့တွင် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားဖြင့် ကိုကိုကျွန်းမြို့နယ်အား ၂၄ နာရီ လျှပ်စစ်မီး စတင်ပေးနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကိုကိုးကျွန်းပေါ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကို တည်ဆောက်ခဲ့ပြီး နှစ်စတွင် စမ်းသပ်ထုတ်လွှတ်ခဲ့ပြီး လွတ်လပ်ရေးနေ့တွင် ၂၄ နာရီ ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်းနေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (Solar+Battery+Diesel Generator) Hybrid System အမျိုးအစားဖြစ်ပြီး၊ မြန်မာကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီတို့ ဖက်စပ်ဖွဲ့စည်း တည်ထောင်ထားသည့် Kyocera Communication Systems Kinetic Myanmar Co.,Ltd သို့ လုပ်ငန်းအပ်နှံကာ ဂျပန်နိုင်ငံ Kyocera Company ၏ ဒီဇိုင်းဖြင့် တပ်ဆင်တည်ဆောက်ထားသော အဆင့်မြင့် ဓာတ်အားပေးစက်ရုံတစ်ခု ဖြစ်ကြောင်း သိရသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၀ ဒသမ ၅ မဂ္ဂါဝပ်ကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

ပြန်လည်ဖွံဖြိုးမြဲစွမ်းအင် (Renewable Energy) တစ်ခုဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမျိုးအစားဖြစ်ကာ လျှပ်စစ်ဓာတ်အားကို နေ့အချိန်များတွင် နေရောင်ခြည်စွမ်းအင်ဖြင့် တိုက်ရိုက်အသုံးပြုနိုင်ကြောင်း၊ တစ်ချိန်တည်းမှာပင် နေရောင်ခြည်စွမ်းအင်မှ ရရှိလာသော လျှပ်စစ်စွမ်းအင်ကို ဘက်ထရီများသို့ အားဖြည့်သိုလှောင်ပေးထားမည်ဖြစ်ကြောင်း၊ ညအချိန်များတွင် သိုလှောင်ထားရှိခဲ့သည့် ဘက်ထရီများမှ လျှပ်စစ်ဓာတ်အားကို ပြန်လည်ထုတ်လုပ်ကာ ဓာတ်အားပေးနိုင်မည်ဖြစ်ကာ ရာသီဥတုအခြေအနေများကြောင့် နေရောင်ခြည် ရရှိမှု နည်းပါးသည့်အချိန်များတွင် ဒီဇယ်အင်ဂျင်မှ ဓာတ်အားဖြည့်ကူ ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစနစ်လည်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားများကို ကိုကိုးကျွန်းမြို့နယ်တွင် လျှပ်ကာပါသော 11kV SAC ဓာတ်အားလိုင်း ပေ ၁၁၇၀၀ ခန့်၊ 11/0.4kV 200kVA ထရန်စဖော်မာ လေးလုံး၊ လျှပ်ကာပါသော 400V ABC ဓာတ်အား ဖြန့်ဖြူးလိုင်း ပေ ၁၈၄၀၀ ခန့်တို့ကို အသစ်လဲလှယ်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သိရသည်။

စက်ရုံတည်ဆောင်ခြင်းစီမံကိန်းကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်အခဲများ၊ COVID-19 ကူးစက်ရောဂါ မပြန့်နှံ့ရေး စည်းမျဉ်းစည်းကမ်း အကန့်အသတ်များ၊ ဆက်သွယ်သွားလာရေး အခက်အခဲများ စသည့် အခက်အခဲ အကြပ်အတည်းများကြားက သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

ကိုကိုးကျွန်းမြို့နယ်မှာ ယခင်က တစ်ရက်လျှင် ခြောက်နာရီခန့်သာ လျှပ်စစ်မီးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ရန်ကုန်တိုင်းဒေသကြီးသည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့ပြနှင့် ကျေးလက်နေမီးသုံးသူ ပြည်သူအားလုံးသို့ ၁၀၀ ရာခိုင်နှုန်း ဓာတ်အားအပြည့်အဝပေးနိုင်သည့် ပထမဦးဆုံးတိုင်းဒေသကြီး တစ်ခုဖြစ်လာကြောင်း သိရသည်။

Most Read

Most Recent