အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသည့်အတွက် တွေ့ဆုံပွဲ ပျက်ပြယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် မွန်ညီညွတ်ရေးပါတီ တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသည့်အတွက် တွေ့ဆုံပွဲ ပျက်ပြယ်
Published 4 January 2021
ဘိုဘိုမြင့်

ယနေ့ (ဇန်နဝါရီ ၄ ရက်) နံနက် ၉ နာရီအချိန်တွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ  တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသည့်အတွက် တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် ပြည်နယ်များသို့ သွားရောက်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံသည့်အခါတွင် ပြည်နယ်တွေမှာရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ ပြည်နယ်ရုံးများတွင်သာ တွေ့ဆုံရန် ညွန်ကြားချက်ရှိကြောင်း လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နှင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညို က ပြောကြားသည်။

၎င်းကဆက်လက်ပြီး "ကျွန်တော်တို့ မြစ်ကြီးနားတုန်းလည်း တိုင်းရင်းသားပါတီ သုံးပါတီဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီသစ် (ကချင်) တွေနဲ့ တွေ့တုန်းကလည်း ပြည်နယ်ရုံးတွေမှာဘဲ တွေ့တာပါဘဲ။ ပြောရရင် ကျွန်တော်တို့ကလည်း ကိုယ်ပြည်နယ်ရုံးမှာ လာတွေ့ပေမယ့် အထက်စီးက အနိုင်ကျင့်တာမျိုးလည်း မရှိပါဘူး။ လေးလေးစားစားနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပါဘဲ။ သူတို့ တင်ပြတာတွေကို ကျွန်တော်တို့က ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး။ ဘာပေးမယ်၊ ညာပေးမယ် ပြောတာတွေ မရှိဘူး။ သူတို့တင်ပြတဲ့ အထဲမှာလည်း ကျွန်တော်တို့ လုပ်ပေးနိုင်တာတွေ မပါဘူး။ တချို့ကိစ္စတွေမှာ ဖယ်ဒရယ်ကိစ္စတို့ ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတို့၊ လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေးတို့ အဲ့ဒါတွေပေါ့လေ။ အဲ့ဒီကိစ္စတွေက ပြည်ထောင်စုက ရှင်းရမယ့် ကိစ္စတွေဘဲလေ။ ဒါကို ကျွန်တော်တို့ ဘာမှလုပ်ပေးမယ်။ မလုပ်ပေးဘူး မပြောခဲ့ပါဘူး။ အစ်ကိုကြီးတို့ ညီလေးတို့ တင်ပြချင်တာ တင်ပြ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကို တင်ပြပေးမယ်လို့ဘဲ ပြောခဲ့တာပါ" ဟု ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ မွန်ပြည်နယ် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ရုံးမှာ မတွေ့နိုင်ကြောင်း၊ ကြားတစ်နေရာတွင် တွေ့ဆုံရန် မိမိတို့အား ပြောကြောင်း၊ မိမိတို့ကလည်း NLD မွန်ပြည်နယ်ရုံးတွင်သာ တွေ့ရန် ဆုံးဖြတ်ထားကြောင်း၊ အထက်ကလည်း ဒီအတိုင်းဘဲ တွေ့ဆုံရန် ညွန်ကြားထားကြောင်း ဒေါက်တာအောင်မိုးညို က ဆိုသည်။

"မွန်ညီညွတ်ရေးပါတီဘက် ကျွန်တော်တို့တည်းတဲ့ အစိုးရဧည့်ဂေဟာမှာ တွေ့ဖို့ပြောလာတော့ ကျွန်တော်တို့ကလည်း အဲ့ဒီလိုလည်း တွေ့လို့မရဘူး။ ကျွန်တော်တို့ လူကြီးတွေက ဆုံးဖြတ်ထားလို့ ဒီမှာဘဲစောင့်နေတာပါ။ မနက် (၉) နာရီ တွေ့ဖို့စောင့်တယ်။ အခု မနက် (၁၀) နာရီအထိကို စောင့်တယ်။ မွန်ညီညွတ်ရေးပါတီဘက်က မလာတော့ ဒီမှာကျွန်တော်တို့ စောင့်ပါတယ် ဆိုတဲ့အကြောင်း၊ မွန်ညီညွတ်ရေးပါတီဘက်က ရောက်မလာဘူး ဆိုတဲ့အကြောင်းကို တင်ပြအစီရင်ခံရမှာပါ" ဟု ဒေါက်တာအောင်မိုးညို က ဆက်လက် ပြောကြားသည်။

NLD ပါတီမှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန်ကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၂ ရက် မွန်းလွဲ (၁) နာရီအချိန်ခန့်က NLD ပါတီဗဟို၏ ညွန်ကြားချက်ဖြင့် မွန်ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က မိမိထံသို့ ဖုန်းဖြင့် ဆက်သွယ်လာပါကြောင်း၊ ထိုသို့ ဆက်သွယ်လာရာတွင် NLD ကိုယ်စားလှယ်အဖွဲ့မှ မိမိတို့ မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံလိုကြောင်း၊ ဇန်နဝါရီလ ၄ ရက် နံနက် ၉  နာရီတွင် တွေ့ဆုံချင်ပါကြောင်း နှင့် ၎င်းတို့၏ မွန်ပြည်နယ် NLD ရုံးတွင် တွေ့ဆုံချင်ပါကြောင်းကို ဆက်သွယ် ပြောဆိုခဲ့ပါကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ နိုင်လယိတမ က ပြောကြားသည်။

၎င်းကဆက်လက်ပြီး "အဲ့ဒီလို ဆက်သွယ်တဲ့အခါမှာ ကျွန်တော် အကြောင်းပြန်လိုက်တာက ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ တစ်ဖက်နဲ့တစ်ဖက် လွှဲမှားမှုတွေ မဖြစ်ရလေအောင်၊ တွေ့ဆုံဆွေးနွေးမှုကိုလည်း ကျွန်တော်တို့ဘက်က အပြုသဘောနဲ့ ကြိုဆိုပါတယ်။ သို့သော် တွေ့ဆုံတဲ့အခါမှာ ကျွန်တော်တို့ ပါတီဘက်ကတော့ ပါတီကိုယ်စားပြုတဲ့ ပါတီကိုယ်စားလှယ်တွေအနေနဲ့ဘဲ လာတွေ့မယ်။ ကျွန်တော်တို့ ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နဲ့ဘဲ တွေ့မယ်ဆိုရင် ကျွန်တော်တို့က တွေ့ဖြစ်မှာ မဟုတ်ဘူးလို့ တိတိကျကျ ရှင်းရှင်းလင်းလင်းဘဲ အကြောင်းပြန်ခဲ့ပါတယ်" ဟု ပြောကြားသည်။

"နောက်တစ်ချက်က ဇန်နဝါရီလ ၄ ရက် မနက် ၉ နာရီမှာတွေ့ဖို့ သဘောတူကြောင်းကို ကျွန်တော်က အကြောင်းပြန်ခဲ့ပါတယ်။ နောက်တစ်ချက်က တွေ့ဆုံမယ့်နေရာကိုတော့ နှစ်ဖက်စလုံးက အဆင်ပြေနိုင်အောင်၊ အကယ်၍ NLD ဘက်က ကျွန်တော်တို့ရုံးကိုလာပြီးတော့ တွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒရှိမယ်ဆိုရင်လည်း ကျွန်တော်တို့က ကြိုဆိုတွေ့ဆုံပေးမယ်၊ အကယ်၍ ကျွန်တော်တို့ရုံးကို လာဖို့အခက်အခဲ ဖြစ်မယ်ဆိုရင်လည်း ကြားတစ်နေရာ၊ တတိယနေရာ တစ်နေရာမှာ တွေ့ဆုံနိုင်အောင် စီစဉ်ပေးပါလို့ ကျွန်တော်က အကြောင်းပြန်ခဲ့ပါတယ်။ တတိယနေရာမှာ တွေ့ဆုံမယ်ဆိုတဲ့အကြောင်းကို ဇန်နဝါရီ ၂  ရက် ညနေ ၄ နာရီကျော်အထိကို သုံးကြိမ်ဆက်သွယ်ပြီးတော့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဲ့ဒီမေတ္တာရပ်ခံချက်အပေါ်မှာ မွန်ပြည်နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်ကနေ တတိယနေရာမှာ လက်ခံတွေ့ဆုံမလား။ မတွေ့ဆုံဘူး ဆိုတာကို အခုလက်ရှိအချိန်အထိ တရားဝင် အကြောင်းပြန်လာခြင်း မရှိသေးပါဘူး" ဟု နိုင်လယိတမ က ပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှုကို NLD ပါတီဘက်က ကမ်းလှမ်းခြင်း ဖြစ်ကြောင်း၊ အတွေ့ခံမည့် မိမိတို့ပါတီ အနေဖြင့်  တတိယနေရာ တစ်ခုတွင် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့ခြင်းနှင့် ပတ်သက်ပြိး မိမိတို့ဘက်က တစ်ဖက်သတ် မကျပါဘူးဟု ယူဆပါကြောင်း နှင့် မိမိတို့အနေဖြင့် အနာဂတ် နိုင်ငံတော်အတွက် တွေ့ဆုံဆွေးနွေးမည်ဆိုပါ မည်သည့် အချိန်အခါမဆို ပြည်ထောင်စုကြီးအတွက် အကျိုးရှိမည့် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ပါက တတိယနေရာ တစ်ခုခုတွင် လက်ခံဆွေးနွေးရန် အမြဲတမ်းအဆင်သင့် ရှိပါကြောင်း နိုင်လယိတမ က ဆက်လက် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ အောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့နှင့် တွေ့ဆုံရန် မွန်ညီညွတ်ရေးပါတီဘက်မှ တွဲဖက်အတွင်းအရေးမှူး (၁) ဖြစ်သူ နိုလယိတမ၊ တွဲဖက်အတွင်းအရေးမှူး (၂) ဖြစ်သူ နိုင်စံတင် နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာအောင်နိုင်ဦး၊ နိုင်တလညီ နှင့် မိလဝီဟန် တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့တွင် ပါတီဗဟိုအလုပ်အဆာင်များ ဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စးလှယ် ဦးအင်ထုံခါးနော်ဆမ် တို့ပါဝင်ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး၌ ကချင်ပြည်နယ်ပြည်သူ့ပါတီမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် သုံးဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နှစ်ဦး၊ ဒီမိုကရေစီပါတီသစ်ပါတီ (ကချင်) မှ တစ်ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent