မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲကုန်ကျစရိတ်၌ လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေပါဝင်မှုတွင် အဂတိနှင့် ငြိစွန်းသည့်လုပ်ဆောင်ချက်တစ် စုံတစ်ရာ တွေ့ရခြင်းမရှိဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားပြု၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) ၌ ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာအေးဇံ၏ ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်သိန်း ၇၀ ကျော်တွင် ကျပ် ၄၅ သိန်းကျော်မှာ ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ ထောက်ပ့ံငွေဖြစ်သည်။
ဝန်ကြီးချုပ်အနေဖြင့် အဆိုပါကုမ္ပဏီများကို အစိုးရ၏ လုပ်ငန်းများတွင် အထူးအခွင့်အရေးပေးခြင်း၊ တင်ဒါစည်းမျဉ်း ဖောက်ဖျက်ခြင်းတို့ ဆောင်ရွက်လျှင် အပြစ်ဟုဆိုနိုင်သော်လည်း နှောင်ကြိုးမဲ့ကူညီလှူဒါန်းမှုဆိုပါက အပြစ်မမြောက်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“ကျွန်တော်တို့ကတော့ အဂတိနဲ့ငြိစွန်းတဲ့လုပ်ဆောင်မှု တစ်စုံတစ်ရာခုထိတော့ မတွေ့ရှိသေးဘူးလို့ပဲ ပြောချင်ပါတယ်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
လက်ရှိအချိန်အထိလည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ရွေးကောက် ပွဲကုန်ကျစရိတ်တွင် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ ထောက်ပံ့ငွေပါဝင်မှုသည် ဥပဒေနှင့် ငြိစွန်းသည်ဆိုသော အစီရင်ခံတိုင်ကြားမှုမျိုးမရှိဟု အထက်ပါ NLD ပါတီ တာဝန်ရှိသူက ဆိုသည်။
ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ ထောက်ပံ့မှုတွင် ဥပဒေတစ်စုံတစ်ရာနှင့် ငြိစွန်းကြောင်း တိုင်ကြားမှုရှိလာပါက ပါတီအနေဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်သော်လည်း ယင်းသို့တိုင်ကြားမှု၊ အစီရင်ခံမှုတစ်စုံတစ်ရာမရှိ၍ စုံစမ်းစစ်ဆေးမှုလည်းမရှိဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ် ၄၅ သိန်းကျော်ကို ရိုးရိုးလေး ကုမ္ပဏီအပါအဝင် ကျိုက်ထိုမြို့နယ် အခြေစိုက်နှင့် မော်လမြိုင်အခြေစိုက်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် လုပ်ငန်းစုများက စိုက်ထုတ်ပေးခဲ့ကြောင်း သထုံခရိုင်ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
အထွေထွေရွေးကောက်ပွဲ အနိုင်ရထားသည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များအနက် မွန်ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်ပွဲကုန်ကျစရိတ်တွင်လုပ်ငန်းရှင်များ၏ ထောက်ပ့ံငွေပါဝင်မှု၊ ချင်းပြည်နယ် ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌက ကုမ္ပဏီခြောက်ခုကို ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ဝန်းရံသူများဖြစ်သည်ဆိုကာ တင်ဒါပြိုင်ဆိုင်မှုတွင် ထောက်ခံချက်ပေးမှုတို့နှင့် စပ်လျဉ်း၍ ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။
ချင်းပြည်နယ် ပညာရေးဦးစီးဌာန၏ တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီခြောက်ခုကို ထောက်ခံပေးခဲ့သည့် ထန်တလန်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ယင်းလွှတ်တော်ကိုယ်စားလှယ်က ပါတီမှ နုတ်ထွက်စာတင်ထားသည်။
ထိုသို့ပါတီမှ နှုတ်ထွက်မှုအပေါ် NLD ပါတီ (ဗဟို)က လက်ခံခြင်းမရှိသေးဘဲ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စိစစ်ဆဲဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် ၎င်း၏ ကိုယ်ပိုင်ငွေ၊ နိုင်ငံသားတစ်ဦးချင်းစီနှင့် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့များမှ တရားဝင်ရရှိသော ငွေကြေးများထဲမှ ထည့်ဝင်လှူဒါန်းငွေ၊ သက်ဆိုင်ရာပါတီအဖွဲ့အစည်းက ထောက်ပံ့သည့်ငွေတို့ကို ၎င်း၏ရွေးကောက်ပွဲကိုယ်စားလှယ်အနေဖြင့် မှန်ကန်စွာ ရေးသွင်းရမည်ဟု ရွေးကောက်ပွဲနည်း ဥပေဒတွင် ပြဌာန်းထားသည်။
ရွေးကောက်ပွဲနည်းဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀၀ သုံးစွဲခွင့်ပြုပြီး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် ကျပ်သိန်း ၁၅၀ သုံးစွဲခွင့်ရှိသည်။
ရွေးကောက်ပွဲနည်းဥပဒေအရ ရွေးကောက်ပွဲကုန်ကျစရိတ်ကို ရွေးကောက်ခံရသူဖြစ်စေ၊ ရွေးကောက်မခံရသူဖြစ်စေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ အနိုင်ရကိုယ်စားလှယ်အမည်စာရင်း ကြေညာပြီး ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရသည်။















