NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီ ဇန်နဝါရီ ၄ ရက်တွင် တွေ့ဆုံမည်

NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီ ဇန်နဝါရီ ၄ ရက်တွင် တွေ့ဆုံမည်
Published 2 January 2021
ဉာဏ်လင်းထွန်း

NLD ပါတီမှ ဒေါက်တာအောင်မိုးညို ဦးဆောင်သောအဖွဲ့နှင့် ဇန်နဝါရီ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးရန် မွန်ညီညွတ်ရေးပါတီကို ဖိတ်ကြားထားကြောင်း မွန်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောကြားသည်။

“ကျွန်တော့်ကို ပြောတာတော့ မိသားစုစကားဝိုင်းလိုပဲ။ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမလို့ ဒီလောက်ပဲပြောတာပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒေါက်တာခင်ဆောင်က ပြောကြားသည်။

NLD ပါတီ၏ တွေ့ဆုံရန် ဖိတ်ခေါ်မှုအပေါ် ပါတီကိုယ်စားပြု ပါတီကိုယ်စားလှယ်များက လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားထားသည်ဟု မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ကျွန်တော်ဆိုလိုတာကတွေ့မယ့် ပုဂ္ဂိုလ်တွေက ပါတီရဲ့အနိုင်ရလွှတ်တော် ကိုယ်စားလှယ်တွေမဟုတ်ဘူးလေ။ ပါတီကိုယ်စားလှယ်တွေ” ဟု နိုင်လယိတမက ပြောကြားသည်။

NLD ပါတီ ကိုယ်စားလှယ်အဖွဲ့သည် မွန်ညီညွတ်ရေးပါတီနှင့် တွေ့ဆုံမှုမတိုင်မီ ကချင်ပြည်နယ်မှ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ သုံးပါတီနှင့် ဇန်နဝါရီ ၁ ရက်က တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် NLD ပါတီသည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခြင်း မဟုတ်ဘဲ ပါတီမှ ရွေးကောက်ပွဲ အနိုင်ရလွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းဖြစ်ရာ ပါတီအချို့တွင် ကိုယ်စားပြုမှုနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ပါတီချင်း တွေ့ဆုံဆွေးနွေးမှုတွင်ပါဝင်မည့်သူများမှာ ပါတီ ကိုယ်စားပြု သူများသာဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များမဟုတ်ကြောင်း အကြောင်းပြန်ကြားမှုတွင် ရှင်းလင်းစွာ အသိပေးထားသည်ဟု နိုင်လယိတမက ပြောကြားသည်။

“သူ အကြောင်းကြားလာပုံက ကျွန်တော်တို့ ပါတီနဲ့ တွေ့မယ်။ အဲတော့ ကျွန်တော်က သေချာအောင်  ကျွန်တော်တို့ဘက်က လက်ခံတွေ့ဆုံမယ့် ပုဂ္ဂိုလ်တွေက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်ဘူး။ ပါတီကိုယ်စားလှယ်တွေ ဖြစ်ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တိတိကျကျ အကြောင်းပြန်ခဲ့တယ်။ သူ့ (ဒေါက်တာခင်ဆောင်) ဘက်ကလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ကလည်း ပါတီနဲ့ပဲတွေ့မှာပါလို့ အကြောင်းပြန်ထားပါတယ်” ဟု အဆိုပါ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူကပြောကြားသည်။

မွန်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က “ပါတီနဲ့တွေ့မှာပါ။ ပါတီကိုပါ” ဟု ပြောကြားသည်။

NLD ပါတီဘက်က နှစ်ပါတီတွေ့ဆုံ ဆွေးနွေးမှုကို ၎င်းတို့ ပြည်နယ်ရုံးတွင် ပြုလုပ်ရန် အဆိုပြုထားပြီး မွန်ညီညွတ်ရေးပါတီက မွန်ညီညွတ်ရေးပါတီရုံးတွင် မဟုတ်လျှင် တတိယနေရာတစ်ခုတွင် ပြုလုပ်ရန် ဆန္ဒရှိရာ နှစ်ဖက်ညှိနှိုင်းနေဆဲဟု သိရသည်။

NLD ပါတီနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပါတီကိုယ်စားပြုအဖြစ် မည်သူများတက်ရောက်မည်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ကို ဇန်နဝါရီ ၃ ရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ဆုံးဖြတ်မည်ဟု နိုင်လယိတမက ပြောကြားသည်။

“ကျွန်တော်တို့က အနိုင်ရကိုယ်စားလှယ်အပေါ်မှာ မစဉ်းစားဘူး။ ပါတီကိုယ်စားလှယ်ပဲ။ ပါတီက ရွေးချယ်တာဝန်ပေးမယ်ဆိုရင် အနိုင်ရကိုယ်စားလှယ်လည်း ဟုတ်ချင်ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့” ဟု နိုင်လယိတမကဆိုသည်။

လတ်တလော နှစ်ဖက်ပါတီကြားညှိ နှိုင်းထားမှုအရ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများကို တွေ့ဆုံသည့်ပုံစံနှင့်ကွဲပြားမှုရှိသည်ဟု နားလည်ကြောင်း ၎င်းက ဆိုသည်။

NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွွေ့ဆုံဆွေးနွေးမှုကို ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားပါတီများနှင့် စတင်ပြုလုပ်ရန် ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၂၉ ရက်က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ ပါဝင်သည်။

မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အများစုကို NLD ပါတီ အနိုင်ရပြီး မွန်ညီညွတ်ရေးပါတီက ခြောက်နေရာအနိုင်ရကာ အနိုင်ရမဲဆန္ဒနယ် စုစုပေါင်း ၁၂ နေရာရှိခဲ့သည်။

 

Most Read

Most Recent