ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်ချက်အရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ကုသရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ် လက်ထောက်ဆရာဝန် ၈၄၀ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်ရာထူး နေရာများအတွက် Online Application System ကို အသုံးပြုပြီး ၂၀၂၁ ခုနှစ် မတ်လ ၁ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း၊ Online Application System အသုံးပြု၍ အွန်လိုင်းမှ လျှောက်ထားရန် အခက်အခဲရှိသူများ အနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (ရန်ကုန်ရုံးခွဲ)၊ အမှတ် (၆၅) အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ် ရန်ကုန်နှင့် တိုင်းဒေသကြီး ပြည်နယ်ခရိုင်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူးရုံးများတွင် လျှောက်လွှာဝယ်ယူ၍ လူကိုယ်တိုင် သို့မဟုတ် စာတိုက်မှတစ်ဆင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ နေပြည်တော်သို့ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက် နောက်ဆုံးထားပြီး လာရောက် လျှောက်ထားနိုင်ကြောင်းနှင့် လိုအပ်သည့် အချက်အလက်များ အားလုံးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အသေးစိတ်ရေးသား ဖော်ပြထားကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေး ရရှိလာပါက ထိုးနှံပေးရန် တစ်နိုင်ငံလုံး၌ စာရင်းကောက်ယူထားသည့် ကျန်းမာရေး ဝန်ထမ်းပေါင်း ၁၁၀၀၀၀ ကျော်ရှိပြီး ကုသရေးပိုင်းမှ ဆရာဝန်များကို ပထမဦးစားပေး အနေဖြင့် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“ကျန်းမာရေး ဝန်ထမ်းတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်သိန်းတစ်သောင်းကျော် ရှိပါတယ်။ အဲဒီ တစ်သိန်းတစ်သောင်း ကျော်လုံးကိုတော့ ထိုးပေးမှာ ဖြစ်ပါတယ်။ စာရင်းကောက်တယ် ဆိုတာက ကုသရေးပိုင်းမှာ တာဝန်ယူနေတာ ဘယ်လောက်ရှိသလဲ။ ရုံးပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေတာ ဘယ်လောက်ရှိသလဲ။ ကွင်းဆင်းဆောင်ရွက်နေတာ ဘယ်နှယောက်လဲ။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေက ကောက်ယူတာ ဖြစ်ပါတယ်။ ဒါကတော့ ကာကွယ်ဆေးထိုးတဲ့အခါမှာ ကာကွယ်ဆေး ရရှိမှုပေါ် မူတည်ပြီး ရှေ့တန်းမှာ တကယ်ကို ကုနေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက မဖြစ်မနေ ပထမဦးစားပေး ထိုးပေးမှာပါ။ ကာကွယ်ဆေးရရှိတဲ့ အတိုင်းအတာပေါ် မူတည်ပါတယ်။ ကျွန်မတို့ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ်မှာ သုံးရာခိုင်နှုန်းရမယ် ဆိုပေမဲ့ ဒီသုံးရာခိုင်နှုန်းလုံးကို တစ်ပြိုင်တည်း၊ တစ်စုတည်း ရမှာလား။ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း အဲဒီလို ရမှာလား။ ဒါတွေက ဘယ်လိုရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ အသိအမှတ် ပြုထားတဲ့ ကာကွယ်ဆေးတွေက မရှိသေးပါဘူး။ သို့သော် မကြာခင်အချိန် အတွင်းမှာ ရလာမယ်လို့ ပြောလို့ရပါတယ်။ ဆေးရရှိတဲ့အပေါ် မူတည်ပြီး အသေးစိတ် အစီအမံတွေ ပြုလုပ်ပြီး ဆက်လက်ဆောင်ရွက် သွားဖို့လည်း ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကောက်ယူထားသော စာရင်းအရ ရန်ကုန်တိုင်း၌ COVID-19 ကာကွယ်ဆေး ထိုးနှံပေးရမည့် ကျန်းမာရေး ဝန်ထမ်းဦးရေ ၁၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
ယခု ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားပြီး ကျန်ရာခိုင်နှုန်း ၆၀ ကို ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်း ရရှိရန် လျာထားကြောင်း သိရသည်။















