စတင်ထိုးနှံနေပြီဖြစ်သည့် ကာကွယ်ဆေးများ

စတင်ထိုးနှံနေပြီဖြစ်သည့် ကာကွယ်ဆေးများ
Published 1 January 2021

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၅၀ ဝန်းကျင်၌ ဗိုင်းရပ်စ်ကာကွယ်ဆေးများ စတင်ထိုးနှံနေပြီဖြစ်သည်။ ကပ်ရောဂါ ပထမဆုံး စတင်ပေါ်ပေါက်ရာ တရုတ်တွင်  ပြည်တွင်းဆေးကုမ္ပဏီထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက် စောင့်ဆိုင်းခြင်းမရှိဘဲ လွန်ခဲ့သည့် နွေရာသီခန့်တွင် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မြင့်မားသူများအား စတင်ထိုးနှံပေးခဲ့ရာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။ ရုရှားသည် ၎င်း၏ COVID-19 ဗိုင်းရပ်စ် ကာကွယ်ဆေးအား ဗိုင်းရပ်စ်ကူးစက်နိုင်ခြေမြင့်မားသူများကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ထိုးနှံပေး ခဲ့ပြီး ယင်းကာကွယ်ဆေးကို အတည်ပြုခဲ့သည့် ဘီလာရုစ်နှင့် အာဂျင်တီးနားနိုင်ငံတို့တွင် ဒီဇင်ဘာ ၂၉ ရက်၌ ကာကွယ်ဆေး စတင်ထိုးနှံနေပြီဖြစ်သည်။ အယ်ဂျီးရီးယားတွင်မူ ဇန်နဝါရီတွင် ယင်းကာကွယ်ဆေး ထိုးနှံရန် စီစဉ်ထားသည်။

ဗြိတိန်သည် Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးအား အတည်ပြုထိုးနှံသည့် ပထမဆုံး အနောက်နိုင်ငံဖြစ်သည်။ ယင်းဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ထိုးနှံခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် လူ ၉၅၀၀၀၀ နီးပါးကို ထိုးနှံပြီးစီးခဲ့သည်။ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဒီဇင်ဘာ ၁၄ ရက်က ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ပြီး ဆွစ်ဇာလန်နှင့် ဆားဘီးယားနိုင်ငံသည် ဒီဇင်ဘာ ၂၇ ရက်၌ ကာကွယ်ဆေးထိုးနှံခဲ့သည်။ နော်ဝေတွင် ဒီဇင်ဘာ ၂၇ ရက်နှင့် အိုက်စလန်တွင် ဒီဇင်ဘာ ၂၉ ရက်၌ ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့သည်။ ယင်းနိုင်ငံများ အားလုံးသည် Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို အသုံးပြုခဲ့ကြသည်။

အရှေ့အလယ်ပိုင်းတွင်မူ UAE သည် တရုတ်၏ Sinopharm ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၄ ရက်တွင် အဘူဒါဘီမြို့တော်၌ စတင်ထိုးနှံပေးခဲ့ပြီး ဒူဘိုင်းတွင် Pfizer/BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၃ ရက်၌ စတင်ထိုးနှံခဲ့သည်။

ဆော်ဒီအာရေဗျနှင့် ဘာရိန်းတွင်ဒီဇင်ဘာ ၁၇ ရက်၌ ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပြီး နှစ်ရက်အကြာတွင် အစ္စရေး၊ ဒီဇင်ဘာ ၂၇ တွင် ကာတာ၊ ကူဝိတ်နှင့် အိုမန်တို့တွင် ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့သည်။ ယင်းနိုင်ငံများအားလုံးတွင် ဘာရိန်းသည် Sinopharm ၏ ကာကွယ်ဆေးကို အသုံးပြုခဲ့ပြီး ကျန်နိုင်ငံများအားလုံးသည် Pfizer ၏ ကာကွယ်ဆေးအား အသုံးပြုခဲ့ကြသည်။

အစ္စရေးတွင် လူရှစ်သိန်းနီးပါးကို ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီး တူရကီတွင် တရုတ်၏ Sinovac ကာကွယ်ဆေးကို ဇန်နဝါရီလလယ်တွင် စတင်ထိုးနှံရန်စီစဉ်ထားသည်။  လက်တင်အမေရိကနိုင်ငံများ ဖြစ်ကြသည့် မက္ကဆီကို၊ ချီလီနှင့် ကော်စတာရီကာတို့၌ Pfizer ၏ ကာကွယ်ဆေးကို ဒီဇင်ဘာ ၂၄ရက်တွင် စတင်ထိုးနှံခဲ့ပြီး စင်ကာပူသည် ဒီဇင် ဘာ ၃၀ ရက်၌ ယင်းကာကွယ်ဆေးကို ပထမဆုံးထိုးနှံသည့် အာရှနိုင်ငံ ဖြစ်လာခဲ့သည်။ အာဖရိက ဆာဟာရတိုက်ငယ်နှင့် သမုဒ္ဒရာပိုင်းဇုန်တွင် ယခုအချိန်ထိ ကာကွယ်ဆေးထိုးနှံမှု မရှိသေးသော်လည်း အနောက်အာဖရိ နိုင်ငံဖြစ်သည့် ဂီနီတွင် ယခုသီတင်းပတ်၌ Sputnik V ကာကွယ်ဆေးကို ပထမဆုံး စမ်းသပ်ထိုးနှံခဲ့သည်။ 

Pfizer နှင့် BioNTech တို့အပါအဝင် ကာကွယ်ဆေးအသီးသီးအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု မရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းဟူသည့် အချက်အပါအဝင် မေးခွန်းထုတ်စရာများစွာ ကျန်ရှိနေသေးသော်လည်း “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးသားဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး ၂၀၂၂  ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေ အများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO ၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့လူဦးရေအားလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းချက်ထားရှိသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent