နှစ်သစ်ဆုတောင်း

နှစ်သစ်ဆုတောင်း
Published 31 December 2020

“နှစ်သစ်ရဲ့နေ့။ လတ်ဆတ်တဲ့ အစပြုမှုတစ်ရပ်။ ရေးသားခံရဖို့ရာ စောင့်ဆိုင်းနေတဲ့ ဘဝက အခန်းသစ်တစ်ခု။ အမေးခံရမယ့် မေးခွန်းအသစ်တွေကို ပွေ့ဖက်မြတ်နိုးရတော့မယ်။ ကျေနပ်အားရမှုနဲ့ မိမိကိုယ်မိမိ ရှာဖွေမှုတွေနဲ့ဆိုင်တဲ့ အသွင်ပြောင်းသွားတဲ့နှစ်မှာ အဖြေတွေကို ရှာဖွေရင်း နေထိုင်ခဲ့ရတယ်။ အဲဒီမှာ သင်ကိုယ်တိုင် အိပ်မက်ဖို့အတွက် တိတ်ဆိတ်တဲ့ ကြားကာလတစ်ရပ်နဲ့ လက်ထဲက ကလောင်တံကို ဒီကနေ့က ထွင်းထုခဲ့ပြီ။ ပြောင်းလဲဖို့ရာ အိပ်မက်တွေသာ မွေးဖွားလာတယ်”

ဆာရာဘန်ဘရက်နက် (၁၉၄၇ ဖွား)

အမေရိကန် စာရေးဆရာမ

အရွယ်ရောက်ပြီးသူများအားလုံး၏ ထက်ဝက်ခန့်သည် နှစ်သစ်သန္နိဋ္ဌာန်များ ချမှတ်တတ်ကြသည်ဟု သုတေသနများက ဆိုသည်။ သို့သော် ယင်းတို့အနက် ရာခိုင်နှုန်း ၁၀ ထက်ပို၍နည်းသော လူများသာ ယင်းသန္နိဋ္ဌာန်အတိုင်း လအနည်းငယ်ကျော်ကြာသည်အထိ ဆက်လက်ဆောင်ရွက်တတ်ကြသည်ဟု ဆိုသည်။ ဘဝ၌ ပေါ့ပေါ့ပါးပါးနေထိုင်သူများသည် မကောင်းသော အလေ့အထများဆီသို့ တိမ်းညွတ်လွယ်တတ်ပြီး ယင်းအလေ့အထများကို စွန့်လွှတ်ရန် ကြိုးပမ်းရာ၌ အလွယ်တကူပင် ယင်းအကျင့်များအတိုင်း ပြန်လည်ပြုမူတတ်ကြသည်။ သန္နိဋ္ဌာန်များသည် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပစ်ရန် ပုံစံမျိုးဖြင့် လာတတ်ပြီး ပုံမှန်ပြုကျင့်ကာ အလေ့အထဖြစ်နေသော အမူအကျင့်များကို ပြောင်းလဲရန် ကိစ္စသည် လိုက်နာရန် ခက်ခဲနိုင်သည်။ နှစ်သစ်သန္နိဋ္ဌာန်များအနက် အတွေ့ရအများဆုံးမှာ ခန္ဓာကိုယ်အလေးချိန်ချရန်၊ လေ့ကျင့်ခန်း ပို၍လုပ်ရန်၊ ဆေးလိပ်ဖြတ်ရန်နှင့် ငွေစုရန်တို့ ဖြစ်တတ်သည်။

လူများအနေဖြင့် သန္နိဋ္ဌာန် မခိုင်မြဲရခြင်း အဓိကအကြောင်းတရားတစ်ရပ်မှာ သန္နိဋ္ဌာန်က များလွန်းသွားခြင်း သို့မဟုတ် အောင်မြင်စွာ ရယူနိုင်ရန် လက်တွေ့မကျခြင်းတို့ ဖြစ်တတ်သည်။ ၎င်းတို့သည် “မှားယွင်းစွာ မျှော်လင့်မိခြင်းရောဂါ” (False Hope Syndrome) ၏ သားကောင်ဖြစ်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ၎င်းတို့၏ အမူအကျင့်ကို ပြောင်းလဲရာ၌ ဖြစ်နိုင်ဖွယ်ရှိသော အမြန်နှုန်း၊ ပမာဏ၊ လွယ်ကူနိုင်မှု၊ အကျိုးဆက်တို့နှင့် ပတ်သက်၍  လက်တွေ့မကျသော မျှော်လင့်ချက်များ ထားရှိခြင်းကို False Hope Syndrome ဟု ခေါ်သည်။ အချို့သောလူများအတွက် ၎င်းတို့၏ လမ်းကြောင်းကို ပြောင်းလဲရန် တစ်စုံတစ်ရာကို ယတိပြတ် ပြုလုပ်ရခြင်းမျိုး ဖြစ်သည်။ အရက်၊ ကော်ဖီ သို့မဟုတ် ဆေးလိပ်တို့အား လုံးဝဖြတ်ပစ်ရန် လိုအပ်သည့် ရောဂါ အမည်တပ်ခံရခြင်းမျိုး ဖြစ်သည်။အမှန်တကယ်၌ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများကို ပြောင်းလဲရန်ဆိုလျှင် မိမိတို့၏ တွေးပုံခေါ်ပုံကိုပါ ပြောင်းလဲရမည်ဖြစ်သည်။

မိမိအနေဖြင့် စောင့်ထိန်းနိုင်ပြီး လက်တွေ့ကျသော သန္နိဋ္ဌာန်များဖြင့် စတင်ရန် လိုအပ်သည်။ နေ့တိုင်း အရက်သောက်နေသောကြောင့် အရက်သောက်သုံးမှုကို လျှော့ချရန် လိုလားပါက ချက်ချင်း လုံးဝ တိခနဲဖြတ်ရန် မပြုလုပ်ပါနှင့်။ တစ်ရက်ခြား သို့မဟုတ် သုံးရက်ခြား အစရှိသဖြင့် ဖြည်းဖြည်းချင်း လျှော့ချရန်သာ ကြိုးပမ်းရမည်။ ရေရှည် ရည်မှန်းချက် အောင်မြင်ရန်အတွက် ကိုင်တွယ်နိုင်စွမ်းရှိသော ရေတိုရည်မှန်းချက်များဖြင့် လုပ်ဆောင်သွားရမည်ဖြစ်သည်။ ၎င်းအပြင် သန္နိဋ္ဌာန်များလွန်းခြင်းကြောင့်လည်း မအောင်မမြင် ဖြစ်နိုင်သောကြောင့် တစ်ခုချင်းသာ စတင်ရန်လိုသည်။ အရာအားလုံးကို တစ်ချိန်တည်း၌ ပြုလုပ်ရန် မဖြစ်နိုင်။ မိမိထားရှိသော ရည်မှန်းချက်များသည် စမတ်ကျရန်လည်း လိုအပ်သည်။ ဆိုလိုသည်မှာ တိကျသော၊ တိုင်းတာနိုင်သော၊ ရယူနိုင်သော၊ လက်တွေ့ကျသော၊ အချိန်အတိုင်းအတာနှင့် ကိုက်ညီသော သန္နိဋ္ဌာန်ဖြစ်ရန် လိုသည်။ အမှန်တကယ်၌ မိမိ၏ မကောင်းသော အမူအကျင့်များကို ပြောင်းလဲရန်အတွက် မည်သည့်အချိန်ဟူသည်က အဓိကမကျပါ။ နှစ်သစ်၌ စတင်မည်ဟူသော ကန့်သတ်မှုမျိုးမှာလည်း အဓိပ္ပာယ်မရှိလှပါ။ မိမိအနေဖြင့် ပြောင်းလဲသင့်သည်ဟု ယူဆသော အမူအကျင့်များကို မည်သည့်အချိန်၌မဆို ပြောင်းလဲပစ်ရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မည်သူမဆို နှစ်သစ်၌ မိမိတို့၏ မကောင်းသော အမူအကျင့်များကို မိမိတို့၏ သန္နိဋ္ဌာန်အတိုင်း ပြောင်းလဲနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဇန်နဝါရီ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent